စမစ်ရိုအတွက် ဖူလ်ဟမ်နှင့် ခရစ္စတယ်ပဲလေ့စ်တို့မှ ကမ်းလှမ်းမှုများကို ပယ်ချခဲ့တဲ့ အာဆင်နယ်
စမစ်ရိုဟာ ၂၀၂၁-၂၂ ရာသီတွင် ဂန်းနားတို့ရဲ့ အဓိက ကစားသမားများထဲမှ တစ်ဦးအဖြစ် ရပ်တည်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် သွင်းဂိုး ၁၀ ဂိုးနှင့် ဂိုးဖန်တီးမှု ၂ ကြိမ် ပြုလုပ်ခဲ့ပါတယ်။ သို့သော် သူဟာ ပြီးခဲ့တဲ့နှစ်ရာသီတွင် ဒဏ်ရာကြောင့်နားခဲ့ရသလို အိုဒီဂတ်နှင့် ဒီကလန်ရိုက်စ်တို့ ရောက်ရှိလာခြင်းကြောင့် အသက် ၂၃ နှစ်အရွယ် ကစားသမားအတွက် လန်ဒန်မြောက်ပိုင်းရှိ ပွဲထွက်မှုက ကျဆင်းသွားတာကို တွေ့ခဲ့ရပါတယ်။
ယခုအခါ အာဆင်နယ်ဟာ သူ့ကိုထွက်ခွာခွင့်ပြုရန် ပြင်ဆင်နေတယ်လို့ သိရှိထားပြီး ကလပ်ဟာ ၂၀၁၈ ခုနှစ်တွင် ပထမဆုံးစီနီယာပွဲဦးထွက်လုပ်နိုင်ခဲ့တဲ့ အသင်းအကယ်ဒမီထွက်ကစားသမားအတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေပြီဖြစ်ပါတယ်။ Sky Sports က ဒမ်မက်ရှက်ရဲ့ အဆိုအရ ဖူလ်ဟမ်နှင့် ပဲလေ့စ်တို့ဟာ စမစ်ရိုကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ဖော်ပြခဲ့ပြီး အင်္ဂလန်လက်ရွေးစင်အတွက် ကနဦး ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့ပါတယ်။
သို့သော်လည်း ကမ်းလှမ်းမှု နှစ်ခုစလုံးကို အာဆင်နယ်က ပယ်ချခဲ့ပြီး လန်ဒန်မြို့ခံပြိုင်ဘက် နှစ်သင်းစလုံးအနေနဲ့ အပြောင်းအရွှေ့ နောက်ဆုံးနေ့ မတိုင်မီ ပိုမိုကောင်းမွန်တဲ့ ကမ်းလှမ်းမှုများဖြင့် လုပ်ဆောင်ဖို့ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။
စမစ်ရိုဟာ လာမယ့်ရာသီတွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ငယ်ဘဝအသင်းမှ ထွက်ခွာရမယ်ဆိုတာ သိရှိထားပြီး သူ့ရဲ့ရွေးချယ်မှုများအတွက် ဆုံးဖြတ်လျက်ရှိပါတယ်။
ကွင်းလယ်တိုက်စစ်ကစားသမားရဲ့ လက်ရှိစာချုပ်ဟာ ၂၀၂၆ ခုနှစ် နွေရာသီအထိ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၆ နှစ် အသင်းကြီးသို့ ရောက်လာကတည်းက သူဟာ အာဆင်နယ်အတွက် ပွဲပေါင်း ၁၁၅ ပွဲ ကစားထားခဲ့ပြီး မတ်လက လူတန်ကို ၂-၀ ဂိုးနဲ့ အနိုင်ရပြီးနောက်ပိုင်း ပွဲတွေမှာ ပါဝင်နိုင်ခြင်းမရှိခဲ့ပါဘူး။
"ကျွန်တော်က သူ့ကို ကစားသမားတစ်ယောက်အနေနဲ့ သဘောကျပါတယ်" "သူရဲ့လှုပ်ရှားမှု၊ လမ်းကြောင်းပြောင်းကစားမှု ဘောလုံးမပါဘဲ လုပ်ဆောင်မှုတွေ၊ ပြိုင်ဘက်နဲ့ယှဉ်လုတဲ့ အချိန်မှာလည်း သူက အနိုင်ရရှိခဲ့ပါတယ်" လို့ အာဆင်နယ်အသင်းနည်းပြ မိုက်ကယ် အာတီတာက နိုင်ပွဲအပြီးမှာ စမစ်ရိုနဲ့ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။
ယခုနှစ်နွေရာသီမှာ အန်ကီတီယာရဲ့ အနာဂတ်နှင့် ပတ်သက်ပြီး ထင်ကြေးပေးမှုများလည်းရှိခဲ့ပြီး ကစားသမားနှစ်ဦးစလုံးဟာ ကစားသမားဘဝကို ပြန်လည်ကောင်းမွန်လာစေရန်အတွက် ပြောင်းရွှေ့ရန် အသင်းရှာဖွေသင့်တယ်လို့ တိုနီအက်ဒမ်က ယုံကြည်နေပါတယ်။
"ကျွန်တော့်မှာ ဝေဖန်စရာတစ်ခုရှိပြီး အာတီတာက သူတို့တွေကို လုံလောက်အောင် အသုံးမချခဲ့ပါဘူး" "ဆာကာထွက်သွားတာကို ဘယ်သူမှ မမြင်ဖူးပါဘူး။ မိနစ် ၉၀ နဲ့ ၉၀ အကျော်အထိ ကစားရတာပါ" "ပွဲတွေမှာ အနိုင်ရတဲ့အခါ မိနစ် ၇၀ နောက်ပိုင်း ၂-၀ ဂိုးနဲ့ နိုင်နေတဲ့အချိန်မှာ သူ့ကို ထုတ်လိုက်ရတော့မှာပါ။ စမစ်ရိုကို တိုးတက်လာအောင်လုပ်ပေးရမှာပါ။ အခုတော့ ဒါတွေက ပြီးသွားပြီလို့ထင်ပါတယ်" "ကျွန်တော်သာ သူတို့ဖြစ်ခဲ့မယ်ဆိုရင် အသင်းပြောင်းဖို့ လုပ်မှာပါ။ အာတီတာက သူတို့နဲ့ အလုပ်တွဲလုပ်ဖို့ လိုအပ်ပြီး သူတို့ကို အချိန်ပိုပေးရမှာပါ။ ဒါပေမယ့် နောက်ထပ် အထောင်တိုက်စစ်မှူး လာနိုင်မလားဆိုတဲ့အပေါ် မူတည်နေပါတယ်" "ဒါပေမယ့် လက်ရှိသူလုပ်နေတာထက် ဆာကာကို လှည့်သုံးဖို့လိုတယ်လို့ ထင်ပါတယ်" လို့ အာဆင်နယ်နဲ့ အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်းက ပြီးခဲ့တဲ့လတုန်းက Sky Sports ကို ပြောကြားခဲ့ပါတယ်။