ခရစ္စတယ်ပဲလေ့စ်ကို အနိုင်ရပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့ အာဆင်နယ်
တနင်္ဂနွေနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ်ဟာ ခရစ္စတယ်ပဲလေ့စ်ကို ကျဉ်းမြောင်းတဲ့ရလဒ် ၁-၀ နဲ့အနိုင်ရရှိခဲ့ပြီးနောက် ပရီးမီးယားလိဂ်ရဲ့ သမိုင်းမှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ဟာ အားရလောက်စရာအခြေအနေမရှိခဲ့ပေမယ့် အသင်းဟောင်းဘက်သို့ ဂိုးပြန်သွင်းယူခဲ့တဲ့ အီဘရီချီအီဇီကြောင့်သာ အိမ်ကွင်းမှာအနိုင်ရလဒ်ကိုဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုနိုင်ပွဲကြောင့် အာဆင်နယ်ဟာ အောက်တိုဘာလအတွင်းကစားခဲ့တဲ့ ပွဲစဉ်တိုင်းမှာ ဂိုးမပေးရဘဲ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့သလို၊ နောက်ဆုံး ၃ ပွဲအတွင်းမှာလည်း ဂိုးပေါက်တည့်တဲ့ကန်သွင်းချက် ၁ ကြိမ်သာခွင့်ပြုပေးထားရတာဖြစ်ပါတယ်။
ဒါ့အပြင် တစ်ချိန်တည်းမှာပဲ ခရစ္စတယ်ပဲလေ့စ်ကိုအနိုင်ရတဲ့ပွဲစဉ်ဟာ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၇၀၀ ပြည့်မြောက်နိုင်ပွဲအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ကြောင်း ပရီးမီးယားလိဂ်က တရားဝင်ထုတ်ပြန်ပေးခဲ့ပါတယ်။ ဒါကြောင့် အာဆင်နယ်ဟာ ယူနိုက်တက် (၇၆၀ ပွဲ) ပြီးနောက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ ၇၀၀ ပြည့်မြောက်တဲ့ဒုတိယမြောက်အသင်းအဖြစ်လည်း မှတ်တမ်းဝင်လာခဲ့တာဖြစ်ပါတယ်။ ယခု ၂၀၂၅-၂၆ ဘောလုံးရာသီမှာ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၉ ပွဲကစားပြီးချိန် နိုင်ပွဲ ၇ ပွဲအထိရယူထားနိုင်တာကြောင့် အမှတ်ပေးဇယားကို ထိပ်ဆုံးကနေ ၄ မှတ်အသာနဲ့ဦးဆောင်ထားနိုင်ပါတယ်။
ခံစစ်ပိုင်းကျစ်လျစ်မှုနဲ့အတူ ပရီးမီးယားလိဂ်ရဲ့ပေးဂိုးအနည်းဆုံးအသင်းအဖြစ်ရပ်တည်နေတဲ့အာဆင်နယ်ဟာ လက်ရှိချန်ပီယံလီဗာပူးကို ၇ မှတ်အထိဖြတ်တောက်ထားနိုင်သလို၊ ဆုဖလားပြိုင်ဘက် မန်စီးတီးကိုလည်း ၆ မှတ်အထိ ဖြတ်တောက်ထားနိုင်တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အကောင်းဆုံးပုံစံကိုရရှိနေပေမယ့် ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အသင်းရဲ့အဓိကကွင်းလယ်လူ ဒီကလန်ရိုက်စ်နဲ့ အဓိကနောက်ခံလူ ဝီလီယမ်ဆာလီဘာတို့ ဒဏ်ရာကိုယ်စီရရှိခဲ့ကြတာကြောင့် အာဆင်နယ်အတွက် ပေးဆပ်မှုကြီးမားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ အာဆင်နယ်ဟာ ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဘရိုက်တန်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး နိုင်ပွဲဆက်လက်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။