The network connection is lost.

Banner Image

အခုနွေရာသီမှာ ငွေကြေးပမာဏကြီးမားတဲ့အပြောင်းအရွှေ့တွေ မလုပ်ဆောင်ဖို့ ဆုံးဖြတ်ထားတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ဇူလိုင်လအတွင်း ဒီကလန်ရိုက်စ်အတွက် စံချိန်တင်ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၀၅ သန်းအထိ အသုံးပြုပြီးနောက် အာဆင်နယ်အသင်းက အခုနွေရာသီမှာ ဒီလိုအပြောင်းအရွှေ့လှုပ်ရှားမှုမျိုး လုပ်ဆောင်မယ်လို့ မမျှော်လင့်နိုင်ကြောင်း နည်းပြအာတီတာက ပြောဆိုလိုက်ပါတယ်။

အာဆင်နယ်က ယမန်နေ့(တနင်္လာနေ့)မှာပဲ ကာလာဖီအိုရီကို ဘိုလော့ဂ်နာမှ ပေါင် ၄၂ သန်းဖြင့် ခေါ်ယူပြီး အခုနွေရာသီဈေးကွက်အတွင်း သူတို့အသင်းရဲ့ ပထမဆုံး အထင်ကရလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာ အီတလီလက်ရွေးစင်ကစားသမားက လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ယူအက်ရာသီကြိုခရီးစဉ် နောက်ဆုံး ခြေစမ်းပွဲမတိုင်ခင် ဖီလာဒဲလ်ဖီးယားမြို့မှာရှိနေတဲ့ အသင်းဖော်သစ်တွေနဲ့ ပူးပေါင်းလာပါတယ်။

ဒီကလန်ရိုက်စ်ကို ခေါ်ယူခဲ့သလိုမျိုး ဂန်းနားတို့ နောက်တစ်ကြိမ်ထပ်လုပ်နိုင်သေးလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အာတီတာက “ဒီလိုမျိုး ထပ်လုပ်ဖြစ်မယ်လို့ ကျွန်တော်တို့ မမျှော်လင့်ထားပါဘူး။ ဒါက အရှိတရားပါ။ ဈေးကွက်အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်။ တိုးတက်လာနိုင်တဲ့အရာတွေကို ကျွန်တော်တို့တွေ ဖော်ထုတ်သတ်မှတ်ခဲ့ပြီးဖြစ်ပါတယ်။ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီလတွေမှာ ကျွန်တော်တို့တွေ အစည်းအဝေးတွေ လုပ်ခဲ့ကြပါတယ်။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် အသင်းကို အင်အားတောင့်တင်းလာအောင် လုပ်သွားချင်ပါတယ်။ အခုအထိတော့ ကျွန်တော်တို့မှာရှိနေတဲ့လူစာရင်းနဲ့ပတ်သက်လို့ တကယ့်ကိုကျေနပ်အားရမိပါတယ်”လို့ ပြောပါတယ်။

ယူရို-၂၀၂၄ ဗိုလ်လုပွဲမှာ ပါဝင်ခဲ့ပြီး အားလပ်ရက်ခံစားခွင့်ရှိနေကြဆဲ ဆာကာ၊ ရမ်စ့်ဒေးလ်၊ ဒီကလန်ရိုက်စ်နဲ့ ဒေးဗစ်ရာယာတို့က ဗြိတိန်မြေဆီ အာဆင်နယ်အသင်း ပြန်ရောက်လာနိုင်ဖွယ်ရှိတဲ့ အခုသီတင်းပတ်ကုန်ပိုင်းမှာ အသင်းဆီ လာရောက်ပူးပေါင်းလိမ့်မယ်လို့ အာတီတာက ဆက်ပြောပါတယ်။

ဒီကစားသမားလေးဦးအနေဖြင့် သြဂုတ် ၁၇ ရက်၊ ဝုဗ်နဲ့ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားနိုင်ရေး အဆင်သင့်ဖြစ်နေမလားဆိုတဲ့ မေးခွန်းနဲ့ ပတ်သက်လို့ စပိန်သားနည်းပြက “သူတို့နဲ့ စကားပြောကြည့်ချိန် သူတို့ကိုယ်တိုင်က အသင်းမှာတက်နိုင်သမျှအမြန်ဆုံး ပါဝင်လာနိုင်ဖို့ တကယ့်ကို ဆန္ဒရှိနေတာကြောင့် ကျွန်တော်ကတော့ သူတို့တွေ အဆင်သင့်ဖြစ်နေမယ်လို့ လုံးဝယုံကြည်ထားပါတယ်။ သူတို့ပြန်လာချိန်မှာ လေ့ကျင့်ခန်းမဆင်းဘဲ အသင်းအတွက် ချက်ချင်းဆိုသလို ဝင်ကစားဖို့ အဆင်သင့်ဖြစ်နေကြပါတယ်”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။