
အာဆင်နယ်ကပစ်မှတ်ထားနေပေမယ့် ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သက်တမ်းတိုးတော့မယ့် ကင်းမစ်ချ်
ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဂျိုရှူးဝါးကစ်မစ်ချ်ဟာ အာဆင်နယ်ရဲ့ပစ်မှတ်ထားစောင့်ကြည့်မှုတွေခံထားရပေမယ့် ဂျာမနီမြေကနေထွက်ခွာဖွယ်မရှိဘဲ ယခုအခါမှာ ဘိုင်ယန်နဲ့စာချုပ်သက်တမ်းတိုးမြှင့်ဖို့ စီစဉ်ထားကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ အာဆင်နယ်ဟာ ရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးနဲ့ထွက်ခွာမယ့် သောမတ်စ်ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့နေရာမှာ အစားထိုးဖို့ ကွင်းလယ်ကစားသမားသစ်ရှာဖွေနေတာဖြစ်ပြီး ကင်းမစ်ချ်ကို ဦးစားပေးပစ်မှတ်အဖြစ် စောင့်ကြည့်နေတာဖြစ်ပါတယ်။သတင်းတွေအရ အာဆင်နယ်ဟာ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ အပြောင်းအရွှေ့အတွက် ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ထားတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။
သို့သော်လည်း ကင်းမစ်ချ်ကတော့ အာဆင်နယ်ရဲ့ချဉ်းကပ်မှုတွေကို လျစ်လျူရှုပြီး ဘိုင်ယန်မြူးနစ်နဲ့သာ စာချုပ်သက်တမ်းတိုးဖို့ဆွေးနွေးထားတယ်လို့ ပြောကြားလာခဲ့ပါတယ်။ဘိုင်ယန်မြူးနစ်အနေနဲ့လည်း အသက်-၂၉ နှစ်အရွယ်ကစားသမားကို အသင်းမှာဆက်လက်ထိန်းသိမ်းဖို့ ဆန္ဒရှိနေပြီး သဘောတူညီမှုရရှိနိုင်မယ့် စာချုပ်သစ်တစ်ရပ်ကို ပြင်ဆင်ထားတာဖြစ်ပါတယ်။
ဘွန်ဒက်စ်လီဂါကလပ်ဟာ ကင်းမစ်ချ်ကို ၂၀၂၈ ခုနှစ်အထိ သက်တမ်းတိုးမြှင့်ဖို့ပြင်ဆင်ထားပြီး စာချုပ်ပါသဘောတူညီချက်အရ တစ်နှစ်လုပ်ခ ယူရို သန်း ၂၀ မှ ၂၂ သန်းအကြား ပေးချေသွားဖို့ပြင်ဆင်နေပါတယ်။ လေဗာကူဆင်ကို ၃-၀ နဲ့ဂိုးပြတ်အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အပြီးမှာ ကင်းမစ်ချ်က ဘိုင်ယန်မြူးနစ်နဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ ဆွေးနွေးထားကြောင်း ဖွင့်ဟပြောကြားခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင်က "မကြာခင်မှာပဲ စာချုပ်သက်တမ်းတိုးဖို့ ဆုံးဖြတ်ချက်ချတော့မှာပါ။ သက်တမ်းတိုးမယ့်ကိစ္စကို နိုင်ငံတကာပွဲစဉ်တွေမတိုင်ခင်မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။ ကလပ်ကတော့ လေဗာကူဆင်နဲ့ပွဲမတိုင်ခင်ကတည်းက သက်တမ်းတိုးချင်နေခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ ကင်းမစ်ချ်အနေနဲ့ ဘိုင်ယန်နဲ့သက်တမ်းတိုးမယ့်အကြောင်း ပြောကြားခဲ့ပေမယ့် ဘိုင်ယန်အမှုဆောင်ဥက္ကဌ ဟိုးနက်စ်ကတော့ တစ်စုံတစ်ရာတုံ့ပြန်ပြောဆိုခဲ့ခြင်းမရှိပါဘူး။ ကင်းမစ်ချ်ရဲ့စာချုပ်သစ်နဲ့ပတ်သက်ပြီးမေးမြန်းခဲ့ရာမှာ ဟိုးနက်စ်က "ကျွန်တော်ဒီကြောင်းနဲ့ပတ်သက်ပြီးဘာမှပြောမှာမဟုတ်ပါဘူး။ သတင်းစာရှင်းလင်းပွဲမှာ ဒီအကြောင်းတွေကိုပြောဖို့က ကျွန်တော့်အလုပ်မဟုတ်ပါဘူး" လို့ဖြေကြားခဲ့ပါတယ်။
တစ်ဖက်မှာ စာချုပ်ကိစ္စတွေဆွေးနွေးနေချိန် တစ်ဖက်မှာ ကင်းမစ်ချ်ကတော့ ကွင်းထဲမှာတည်ငြိမ်တဲ့ခြေစွမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ လာမယ့်စနေနေ့မှာ ဘိုင်ယန်မြူးနစ်ဟာ ဘွန်ဒက်စ်လီဂါပွဲစဉ်အဖြစ် ဘိုချမ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အမှတ်ပေးဖလားကို ပြန်လည်ဆွတ်ခူးဖို့ရည်ရွယ်ထားတဲ့ ကွန်ပနီရဲ့အသင်းအနေနဲ့ ရလဒ်ကောင်းကို ဖန်တီးသွားနိုင်ဖို့လိုအပ်နေပါတယ်။