
အန်ဒရီယာဘာတာကို အားကစားဒါရိုက်အသစ်အဖြစ်ခန့်အပ်ဖို့ နီးစပ်နေတဲ့ အာဆင်နယ်
အာဆင်နယ်ဟာ အသင်းနဲ့လမ်းခွဲခဲ့တဲ့ အားကစားဒါရိုက်တာ အီဒူဂတ်စ်ပါရဲ့နေရာမှာ အက်သလက်တီမက်ဒရစ်ရဲ့ ဒါရိုက်တာဟောင်း အန်ဒရီယာဘာတာကို အစားထိုးခန့်အပ်နိုင်ဖို့ နီးစပ်နေပြီလို့ သတင်းတွေကဖော်ပြလာခဲ့ပါတယ်။ အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ဘာတာကလည်း အာဆင်နယ်သို့ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေတယ်လို့သိရပါတယ်။ အေစီမီလန်ရဲ့စိတ်ဝင်စားမှုတွေရှိနေပေမယ့် ဘာတာဟာ ပရီးမီးယားလိဂ်သို့သာ ရောက်ရှိလိုနေတာဖြစ်ပါတယ်။ ဘာတာအနေနဲ့ ယခုအပတ်အတွင်းမှာပဲ အာဆင်နယ်နဲ့ စာချုပ်ချုပ်ဆိုသွားနိုင်တယ်လို့ သတင်းတွေကဖော်ပြထားပါတယ်။
လောလောဆယ်မှာတော့ အာဆင်နယ်ရဲ့အားကစားဒါရိုက်တာရာထူးကို ဂျေဆန်အီတိုက ယာယီတာဝန်ယူထားတာဖြစ်ပါတယ်။ တကယ်လို့ အာဆင်နယ်သာ ဘာတာကို ခေါ်ယူနိုင်ခဲ့ခြင်းမရှိရင်တော့ အီတိုကို အမြဲတမ်းအားကစားဒါရိုက်တာအဖြစ် ခန့်အပ်သွားနိုင်ပါတယ်။ သို့သော်လည်း အာဆင်နယ်အနေနဲ့ ဘာတာကိုခေါ်ယူနိုင်ဖို့ကသေချာသလောက်ဖြစ်နေတယ်လို့သိရပါတယ်။
အက်ဖ်စီကာပင်ဒိုလိုနဲ့ အားကစားဒါရိုက်တာဘဝကို စတင်ခဲ့တဲ့ ဘာတာဟာ ပါးမားနဲ့ ဂျီနိုအာတို့မှာလည်း ဆောင်ရွက်ခဲ့ဖူးပြီး နောက်ပိုင်းမှာ အက်သလက်တီကိုရဲ့ အားကစားဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ ဘာတာရဲ့နောက်ကြောင်းရာဇဝင်မှာ သူဟာ ဘောလုံးသမားတစ်ယောက်မဟုတ်ဘဲ ဘဏ်လုပ်ငန်းသာ လုပ်ကိုင်ခဲ့ဖူးသူဖြစ်တယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီမှာပဲ ဘာတာဟာ အက်သလက်တီကိုနဲ့ စာချုပ်သက်တမ်းကုန်ဆုံးလို့ အသင်းကနေထွက်ခွာခဲ့တာဖြစ်ပါတယ်။ လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ အာဆင်နယ်ဟာ ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် ပီအက်စ်ဗွီကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။