
လီဗာပူးစတားအနာဂတ်နဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ စလော့
လီဗာပူးနည်းပြ စလော့က တိုက်စစ်မှူး ဒါဝင်နူနက်ဇ်အနာဂတ်နဲ့ပတ်သက်ပြီး စောင့်ဆိုင်းရဦးမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ ဘင်ဖီကာအသင်းထံကနေ ပေါင် ၆၄ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပြီးနောက် အန်ဖီးလ်မြေမှာ ရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ နူနက်ဇ်ဟာ မကြာခင်မှာထွက်ခွာမှာဖြစ်ပြီး လီဗာပူးအတွက် ၁၄၃ ပွဲမှာ ၄၀ ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။ ဆော်ဒီလိဂ်က ခေါ်ယူဖို့ချိတ်ဆက်နေပြီး အယ်လ်-ဟီလယ်အသင်းက ကြီးမားတဲ့ကမ်းလှမ်းမှုပြုလုပ်ထားပါတယ်။
လီဗာပူးဟာ တိုက်စစ်ပိုင်းအတွက် အက်ကီတီကီကိုခေါ်ယူထားပြီးဖြစ်ပေမယ့် နယူးကာဆယ်စတား အီဆက်ကိုပါ ထပ်မံခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။နူနက်ဇ်ထွက်ခွာမှုက လီဗာပူးအတွက် ငွေကြေးပိုရဖွယ်ရှိနေပြီး ဆွီဒင်သားကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူကာ အဆုံးသတ်ဖွယ်ရှိနေပါတယ်။ လီဗာပူးဟာ အခုနွေရာသီမှာ စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၁၁၆ သန်းနဲ့ ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။ အပြောင်းအရွှေ့တွေနဲ့ပတ်သက်ပြီး စလော့က သတင်းထောက်တွေကို ပြောကြားရာမှာ “မေးခွန်းတွေအများကြီးပါ။ ကျွန်တော့်ဆီကနေ ခင်ဗျားသိတဲ့အတိုင်း နည်းပြတိုင်းက ဒီလိုမျိုးအလုပ်လုပ်တယ်လို့ ကျွန်တော်ထင်ပါတယ်။
ကျွန်တော်တို့ကစားသမားမဟုတ်သေးတဲ့သူအကြောင်း ဘယ်တော့မှမပြောပါဘူး။ ကျွန်တော် ဟူဂိုအကြောင်းပြောပြနိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့ကိုမကြာသေးခင်တုန်းက ခေါ်ယူခဲ့တာကြောင့်ပါ။ လက်ရှိလူအင်အားနဲ့ပတ်သက်ပြီး ကျွန်တော်အပါအဝင် အားလုံးအရမ်းပျော်နေပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ကျွန်တော်တို့ လိဂ်ဖလားရခဲ့တာကြောင့် ပျော်နေပါတယ်။ ကစားသမားတွေထွက်ခွာမှုရှိသလို ကျွန်တော်တို့ ကစားသမားသစ်တွေ ပြန်လည်ခေါ်ယူထားနိုင်ခဲ့ပါတယ်။ အားလုံးက လူငယ်တွေဖြစ်တာကြောင့် အဆင်ပြေပါတယ်။ လက်ရှိအချိန်မှာ ဒါဝင်တစ်ယောက်ထွက်ခွာမှာဖြစ်ပေမယ့် သူ့အနေနဲ့ ရက်အနည်းငယ်လောက်စောင့်ဆိုင်းရပါဦးမယ်။ အမှန်တကယ်လည်း သူအသင်းကနေထွက်ခွာမှာပါ”လို့ စလော့က ဖြေကြားခဲ့ပါတယ်။
ဒါဝင်ကတော့ စိန်ခေါ်မှုအသစ်တွေရင်ဆိုင်ဖို့ ပြင်ဆင်နေပြီး အရှေ့အလယ်ပိုင်းမှာ စိန်ခေါ်မှုတွေက စောင့်ကြိုနေပါတယ်။ လာမယ့်ပဲလေ့စ်နဲ့ အက်ဖ်အေဖလာားပွဲမှာတော့ ဒါဝင်အနေနဲ့ အသင်းလူစာရင်းမှာ ပါဝင်ဖွယ်မရှိတော့တာဖြစ်ပါတယ်။