The network connection is lost.

Banner Image

မိုဆာလက်ကို အရန်ခုံမှာမြင်တွေ့ရတာ ပျော်စရာမကောင်းဘူးလို့ ဝန်ခံပြောဆိုလိုက်တဲ့ အန်းစလော့

အန်းစလော့က အသင်းရဲ့အရန်ခုံတန်းမှာ မိုဆာလက်ကို မြင်တွေ့ရတာ ပျော်စရာမကောင်းဘူးလို့ ဝန်ခံပြောဆိုခဲ့ပြီး လီဗာပူးရဲ့ညာတောင်ပံနေရာအတွက် ရေရှည်ဗျူဟာတစ်ရပ်ကို အရိပ်အမြွက်ထုတ်ပြောလာပါတယ်။ ၂၀၂၄ ခုနှစ်၊ ဧပြီလနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ ဝက်စ်ဟမ်းကို အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ မိုဆာလက်က လီဗာပူးရဲ့အရန်လူစာရင်းဆီ ရောက်ရှိနေခဲ့ပါတယ်။

လီဗာပူးနည်းပြအန်းစလော့ကိုယ်တိုင်လည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားရပ်တည်မှုကိုပါ အပြင်းအထန်ထိခိုက်စေတဲ့ နောက်ဆုံး ၁၂ ပွဲမှာ ကိုးပွဲတိတိ ရှုံးနိမ့်ခဲ့တဲ့ကာလတစ်ခုအပြီး အခုလိုခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချမှတ်ခဲ့ရပါတယ်။ လီဗာပူးအသင်းသမိုင်းတလျှောက် ဂန္တဝင်အမြောက်ဆုံးကစားသမားတွေအနက် တစ်ဦးအဖြစ် မိမိကိုယ်ကိုယ် တည်ဆောက်ထားနိုင်တဲ့ အသက်-၃၃ နှစ်အရွယ်ကစားသမားက စာချုပ်သက်တမ်းနောက်ဆုံး ၁၈ လတာ ကာလဆီ ဝင်ရောက်လာပြီး ကလပ်အသင်းရဲ့ရေရှည်လုပ်ငန်းစဉ်နဲ့ပတ်သက်လို့လည်း ကောလာဟလမျိုးစုံ ထွက်ပေါ်နေပါတယ်။

အရန်ခုံတန်းမှာ မိုဆာလက်ရှိနေခြင်းနဲ့ပတ်သက်လို့ အန်းစလော့က “ ဒါက ခင်ဗျားအတွက်ပဲဖြစ်ဖြစ်၊ လီဗာပူးပရိသတ်တစ်ဦးအတွက်ပဲဖြစ်ဖြစ်၊ ကျွန်တော့်အတွက်ပဲဖြစ်ဖြစ် ပျော်စရာမကောင်းပါဘူး။ ကျွန်တော်တို့အတွက် အလွန်အရေးကြီးတဲ့ကစားသမားတစ်ဦးကို ကွင်းတွင်းမှာပဲ မြင်တွေ့ချင်ပါတယ်။ကျွန်တော်ဆိုရင်လည်း သူမကစားပေးနိုင်ချိန် ကင်မရာတွေရဲ့အာရုံစူးစိုက်မှုအစား ကွင်းတွင်းမှာ မိုဆာလက်ရဲ့သွင်းဂိုးတွေ၊ မှော်ဆန်တဲ့ဖန်တီးပေးမှုတွေကို မြင်တွေ့ချင်ပါတယ်။

သူက ကျွန်တော်တို့အတွက် နှစ်ပေါင်းများစွာ အဓိကကစားသမားတစ်ဦး ဖြစ်ခဲ့ပါတယ်။ အာဖရိကဖလားပြိုင်ပွဲဝင်ရမယ့်အချိန်နီးကပ်လာလို့ လာမယ့်ရက်ပိုင်းတွေမှာ သူက ကျွန်တော်တို့အသင်းအတွက် အရေးပါလာပါလိမ့်မယ်”လို့ ပြောပါတယ်။ မိုဆာလက်က အာဖရိကနိုင်ငံများဖလားပြိုင်ပွဲဝင် အီဂျစ်အသင်းနဲ့ပူးပေါင်းဖို့ ဒီဇင်ဘာ ၁၅ ရက်မှာ လီဗာပူးအသင်းလူစာရင်းမှ ထွက်ခွာဖွယ်ရှိနေပြီး အကြမ်းဖျဉ်းအားဖြင့် မာဆေးဆိုဒ်ကလပ်အသင်းကစားရမယ့် ရှစ်ပွဲလောက်ကို လွဲချော်သွားနိုင်ပါတယ်။

ဒီဇင်ဘာ ၁၅ ရက်မတိုင်ခင်မှာတော့ လီဗာပူးက ဆန်းဒါလန်းနဲ့ရင်ဆိုင်ရမယ့် ဗုဒ္ဓဟူးညပိုင်း၊ ပရီးမီးယားလိဂ်ပွဲစဉ်အပါအဝင် လေးပွဲကစားသွားရပါမယ်။ ဆက်လက်ပြီး အန်းစလော့က အမြင့်ပျံနေတဲ့ကြောင်နက်တွေနဲ့ရင်ဆိုင်ရချိန် ပွဲထွက်ခွင့်နေရာပြန်လည်ရယူဖို့ ကြိုးပမ်းနေတဲ့ အီဂျစ်သားရဲ့ အရန်ခုံတန်းထက်အပေါင်းလက္ခဏာဆောင်တဲ့တုံ့ပြန်မှုကို ချီးကျူးခဲ့ပါတယ်။

အန်စလော့က “ ပွဲကစားခွင့်ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ဒီအသင်းအစုအဖွဲ့မှာရှိနေသူတိုင်းက ပွဲကစားနေချိန်နဲ့ လေ့ကျင့်ရေးကွင်းမှာရှိနေချိန် နေ့စဉ်နေ့တိုင်း အကောင်းဆုံးတွေ သယ်ဆောင်လာဖို့ ကြိုးစားလေ့ရှိပါတယ်။ ဒီလိုစိတ်နေစိတ်ထားမျိုးကိုပဲ တနင်္ဂနွေနေ့နဲ့ တနင်္လာနေ့မှာ မိုဆာလက်ကိုယ်တိုင် ပြသခဲ့ပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း အခြားသူတွေလိုပဲ သူ အကောင်းဆုံးစွမ်းဆောင်ပြခဲ့တယ်”လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပွဲစဉ်မှာ မိုဆာလက်ရဲ့ညာခြမ်းနေရာအတွက် ဆိုဘိုဆလိုင်းက ဖြည့်ဆည်းပေးခဲ့ပေမယ့် အန်းစလော့ကတော့ ဟန်ဂေရီသားကို ဒီနေရာအတွက် ရေရှည်ဖြေရှင်းမှုတစ်ခုအဖြစ် မရှုမြင်ထားပါဘူး။ ဒီလိုပုံစံအစား လီဗာပူးတိုက်စစ်ပိုင်းဖွဲ့စည်းပုံအတွက် စိတ်အားထက်သန်မှုအပြည့်ရှိတဲ့ တောင်ပံကစားသမားတစ်ဦးကို ရှာဖွေချင်တယ်လို့ အန်းစလော့က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

အန်းစလော့က “ ဆိုဘိုဆလိုင်းကို ဒီကလပ်အသင်းရဲ့ရေရှည်အနာဂတ်အတွက် ညာတောင်ပံကစားသမားတစ်ဦးလို့ ကျွန်တော် မရှုမြင်မိပါဘူး။ ဆိုဘိုဆလိုင်းက ကျွန်တော်တို့အတွက် လိုအပ်လာချိန်တိုင်း ညာနောက်ခံလူနေရာပဲဖြစ်ဖြစ်၊ တောင်ပံအစွန်နေရာမှာပဲဖြစ်ဖြစ် ကူညီအားဖြည့်ပေးနိုင်တဲ့ ကွင်းလယ်လူတစ်ဦး ဖြစ်ပါတယ်။ သူက ခံစစ်အစွန်(သို့မဟုတ်)တောင်ပံကစားသမားဆိုတာထက် ကွင်းလယ်ကစားသမားတစ်ဦးနဲ့ ပိုတူညီပါတယ်။ ဖေဖော်ဝါရီ၊ မတ်အထိ ပွဲစဉ်တိုင်း ဆိုဘိုဆလိုင်းကို အဲ့ဒီနေရာမှာ အသုံးပြုသွားရလိမ့်မယ်လို့  ကျွန်တော် မမျှော်လင့်ထားပါဘူး။

ကျွန်တော့်အတွက် အရေးတကြီးလုပ်သွားရမယ့်အရာက အချို့ပွဲစဉ်တွေမှာ အခုဝက်စ်ဟမ်းနဲ့ပွဲစဉ်လိုမျိုး ကစားလို့ရတယ်ဆိုပေမယ့် ခံစစ်ပိုင်းမှာ ခံစစ်ကစားသမားကိုယ်တိုင်ကစားတာ ပိုဖြစ်သင့်ပါတယ်။ ကျွန်တော်တို့အားလုံးသိထားသလိုပဲ ဆိုဘိုဆလိုင်းဟာ နှစ်နေရာလောက်ကစားပေးနိုင်လို့ အခုလိုပွဲစဉ်မျိုးမှာ အသင်းအတွက် အကူအညီဖြစ်စေပါတယ်။ ဒါပေမဲ့ ရေရှည်အတွက်ဆိုရင် တောင်ပံကစားသမားက တောင်ပံနေရာ၊ ကွင်းလယ်လူက ကွင်းလယ်နေရာ၊ ခံစစ်မှူးက ခံစစ်ဇုန်မှာသာ ကစားသင့်ပါတယ်”လို့ ပြောပါတယ်။