The network connection is lost.

Banner Image

လီဗာပူးမှာ မိုဆာလက်ရဲ့အနာဂတ် ဆက်ရှိနိုင်သေးတယ်လို့ အီဂျစ်လက်ရွေးစင်ဂိုးသမား အရိပ်အမြွက်ပြောဆို

အီဂျစ်လက်ရွေးစင်ကစားသမားတစ်ဦးရဲ့အဆိုအရ အန်းစလော့ရဲ့အနာဂတ် ပျက်ပြယ်သွားပြီးနောက် မိုဆာလက်ကိုယ်တိုင် အစီအစဉ်တွေပြောင်းလဲပြီး လီဗာပူးအသင်းမှာ ဆက်ရှိနေဖို့ ဆုံးဖြတ်သွားနိုင်တယ်လို့ သိရပါတယ်။

အသက် ၃၃ နှစ်အရွယ်ကစားသမားက စာချုပ်သက်တမ်းတစ်နှစ် ကျန်ရှိနေသေးပေမဲ့လည်း အခုဘောလုံးရာသီကုန်ဆုံးချိန် အလွတ်ပြောင်းရွှေ့ကြေးဖြင့် လီဗာပူးမှထွက်ခွာတော့မယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

ဘောလုံးရာသီကုန်ဆုံးဖို့နီးကပ်လာချိန် ဒီဂန္ထဝင်တောင်ပံကစားသမားနဲ့ အန်းစလော့တို့အကြား ဆက်ဆံရေးက လုံး၀ပျက်စီးသွားပုံရပြီး ခက်ခဲတဲ့ဘောလုံးရာသီတလျှောက်လုံး အသင်းရဲ့ကစားဟန်နဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုကို အီဂျစ်ကြယ်ပွင့်ကိုယ်တိုင် လူမှုကွန်ရက်မှာ ဖော်ပြပြောဆိုခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်းမှာ ကလပ်အသင်းက အန်းစလော့ကို ရာထူးမှထုတ်ပယ်ခဲ့ပြီး ပိုမိုပြင်းထန်တဲ့ တိုက်စစ်ကစားဟန်ကြောင့် လူသိများကျော်ကြားတဲ့ အီရာအိုလာနဲ့ အစားထိုးခဲ့ပါတယ်။

ဇွန် ၁၅ ရက်၊ ဘယ်လ်ဂျီယံနဲ့ ယှဉ်ပြိုင်ကစားမယ့် အီဂျစ်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် မိုဆာလက်ရဲ့ နိုင်ငံ့လက်ရွေးစင်အသင်းဖော် အာမက်အယ်လ်-ရှီနာဝီက လီဗာပူးမှာ မိုဆာလက် ဆက်ရှိနေနိုင်သေးတယ်လို့ အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

"လီဗာပူးမှာ မိုဆာလက်လည်း အချိန်အတော်ကြာဖြတ်သန်းခဲ့ပြီးပါပြီ။ သူက ကလပ်အသင်းနဲ့အတူ တသားတည်းရှိခဲ့သလို အရာအားလုံး ပေးဆပ်ခဲ့ပြီး ပျော်ရွှင်စရာအခိုက်အတန့်များစွာနဲ့အတူ ဆုဖလားအများအပြားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်" လို့ ဒီဂိုးသမားက အီဂျစ်ရုပ်သံလိုင်း ON Sport သို့ ပြောကြားခဲ့ပါတယ်။

"သဘာဝကျကျပြောရရင် အသင်းမှထွက်ခွာရတယ်ဆိုတာ သူ့အပေါ် သက်ရောက်မှုရှိပါလိမ့်မယ်။ ဒါက သာမန်အခြေအနေပါပဲ။"

"ဒါပေမဲ့ ဘယ်သူသိနိုင်မလဲ။ အခြေအနေတွေပြောင်းလဲသွားပြီး သူ အဲ့ဒီမှာ ဆက်ရှိနေနိုင်ပါသေးတယ်။ ဘယ်သူမှတော့ အတိအကျ မသိပါဘူး။"

"သူကိုယ်တိုင်လည်း လက်ရှိအချိန်အထိ ဘာမှမသိသေးပါဘူးလို့ ပြောခဲ့ပြီး ဒါကို မိုဆာလက်က ကျွန်တော့်ဆီ ပြောပြခဲ့တာပါ။  ဒါကြောင့် သူ ဘယ်ကိုသွားမလဲဆိုတာ ကျွန်တော် တကယ်မသိသလို သူကိုယ်တိုင်လည်း မဆုံးဖြတ်ရသေးပါဘူး" လို့ ဆိုပါတယ်။