
မာဆေးဆိုဒ်ဒါဘီအငြင်းပွားဖွယ်အဆုံးသတ်မှုအပြီး အဲဗာတန်ရဲ့မကျေနပ်ချက်တွေကို ပယ်ချသွားတဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က “ အချိန်ဆွဲတဲ့အလုပ်၊ ငါတို့မလုပ်”လို့ ပြောဆိုရင်း ပြီးခဲ့တဲ့စနေနေ့၊ မာဆေးဆိုဒ်ဒါဘီမှာ နာကျင်အချိန်ပိုမိနစ်နည်းပါးမှုအပေါ် အဲဗာတန်ရဲ့မကျေနပ်ချက်တွေကို ပယ်ချသွားခဲ့ပါတယ်။ အန်ဖီးလ်မှာကစားခဲ့တဲ့ပွဲစဉ်ရဲ့ ဒုတိယပိုင်းပွဲချိန်ကို သုံးမိနစ်သာ ထည့်ပေါင်းသတ်မှတ်ပေးမှုအတွက် အဲဗာတန်နည်းပြဒေးဗစ်မိုရက်စ်က ထူးဆန်းလွန်းတယ်လို့ ပြောဆိုသလို ဂျက်ဂရီးလစ်ရှ်ကလည်း လွန်ခဲ့တဲ့နှစ်နှစ်၊ သုံးနှစ်အတွင်း ပရီးမီးယားလိဂ်မှာ မမြင်တွေ့ဖူးတဲ့အရာလို့ ဝေဖန်သွားခဲ့ပါတယ်။
အဲ့ဒီပွဲစဉ်မှာ လီဗာပူးက ၂-၁ ဂိုးဖြင့် အနိုင်ရရှိကာ နိုင်ပွဲဆက်စံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ခဲ့သလို အန်းစလော့ကိုယ်တိုင်ကလည်း ထပ်ပေါင်းအချိန်ပိုသတ်မှတ်မှုကို မှန်ကန်တဲ့အရာလို့ ရှုမြင်ထားခဲ့ပါတယ်။ ဆက်လက်ပြီး ဒတ်ချ်လူမျိုးနည်းပြက အခြားအသင်းတွေကို အချိန်ဆွဲတယ်လို့ စွပ်စွဲပြောဆိုနိုင်ပေမဲ့ ပရီးမီးယားလိဂ်ချန်ပီယံတွေကိုတော့ ဒါမျိုးလာစွပ်စွဲလို့မရဘူးလို့ ပြောကြားခဲ့ပါတယ်။
လီဗာပူးဝက်ဘ်ဆိုဒ်နဲ့တွေ့ဆုံချိန် အန်းစလော့က “ အဲဗာတန်နဲ့ပွဲစဉ်မှာ ထပ်ဆောင်းအချိန်ပိုနဲ့ပတ်သက်လို့ အတော်များများပြောဆိုနေကြပါတယ်။ ဒါပေမဲ့ အဲ့ဒီအခိုက်အတန့်မှာ ကျွန်တော်တို့က 5 vs 2 အခြေအနေနဲ့ တန်ပြန်တိုက်စစ်စတင်နေပြီဖြစ်လို့ နောက်ထပ်နှစ်စက္ကန့်၊ သုံးစက္ကန့်လောက် ဆက်ကစားရမယ်ဆိုရင်လည်း အဆင်ပြေပါတယ်။
အခုအချိန်မှာ ခင်ဗျားတို့ကို ပြောပြရမယ်ဆိုရင် ကျွန်တော်တို့အသင်းရဲ့ အမြဲတမ်းလိုလိုသွင်းဂိုးဆာလောင်နေမှု အကြောင်းပဲ ဖြစ်ပါလိမ့်မယ်။ စကားမစပ်… နာကျင်အချိန်ပိုသုံးမိနစ်သတ်မှတ်ပေးတာ လုံးဝမှန်ကန်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ လူစားလဲလှယ်မှုပြုလုပ်တဲ့အခိုက်အတန့် သုံးခုသာ ရှိခဲ့လို့ ဖြစ်ပါတယ်။
ကျွန်တော်တို့အသင်းက အချိန်ဆွဲလေ့ဆွဲထမရှိလို့ အချိန်ဖြုန်းတီးတဲ့ဖြစ်စဉ်လည်း မရှိပါဘူး။ ဒဏ်ရာကုသပေးရတဲ့ ဖြစ်စဉ်လည်း မရှိသလို ဒုတိယပိုင်းမှာ နှစ်သင်းပေါင်း တစ်ဂိုးပဲ သွင်းခဲ့ကြတာပါ။ နောက်ပြီးတော့ နာကျင်အချိန်ပိုသုံးမိနစ်ဆိုတာ ရောက်လာတာပေါ့။ အခြားသောပွဲစဉ်တွေမှာ သွင်းဂိုးလိုအပ်နေချိန် အချိန်အများကြီးဖြုန်းတီးပစ်တာမျိုး ရှိတယ်ဆိုတာ ကျွန်တော် ပြောနိုင်ပါတယ်”လို့ ဆိုပါတယ်။
လီဗာပူးက ဒီညမှာ ကာရာဘောင်ဖလားတတိယအဆင့်ပွဲစဉ်အဖြစ် ဆောက်သမ်တန်ကို ဧည့်ခံကစားရဖို့ရှိပြီး အန်းစလော့ကိုယ်တိုင်က အဓိကကစားသမားအချို့ကို အနားပေးသွားမယ်လို့ အတည်ပြုထားပါတယ်။