The network connection is lost.

Banner Image

လူးကပ်စ်ဗာ့ဂျ်ဂွါကို နှစ်ဝါတစ်နီဖြင့် အရေးယူရန်ပျက်ကွက်ခဲ့မှုအပေါ် ဝေဖန်ပြောဆိုခဲ့တဲ့ အန်းစလော့

လီဗာပူးနည်းပြအန်းစလော့က ကာရာဘောင်းဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်ရဲ့ အနိုင်ဂိုးရှင် တော့တင်ဟမ်ကွင်းလယ်ကစားသမား လူးကပ်စ်ဗာ့ဂျ်ဂွါကို သွင်းဂိုးမရရှိခင် ထုတ်ပယ်ဖို့ ပျက်ကွက်ခဲ့တဲ့ ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။လီဗာပူးအသင်းဘက်က ဆီမီကတ်စ်အပေါ် ကြမ်းကြမ်းတမ်းတမ်းဖျက်ထုတ်ခဲ့တဲ့ တော့တင်ဟမ်ကွင်းလယ်ကစားသမား လူးကပ်ဗာ့ဂျ်ဂွါကို ဒုတိယမြောက်အဝါကတ်ပြသဖို့ လိုလားခဲ့ပါတယ်။ ဒီဖျက်ထုတ်မှုကြောင့် ဆီမီကတ်စ်လည်း ဆေးကုသမှုခံယူဖို့ ကွင်းတွင်းမှ ခေတ္တထွက်ခွာပေးခဲ့ရပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်စတူးအက်အက်ဝဲလ်က ဗာ့ဂျ်ဂွါကို ထုတ်ပယ်ဖို့ မဝံ့မရဲဖြစ်နေခဲ့ပြီး သိပ်မကြာမခင်မှာပဲ ကစားသမားကိုယ်တိုင်က ဆိုလန်ကီရဲ့ဖန်တီးပေးမှုမှတဆင့် အခုပွဲစဉ်အတွက် အဆုံးအဖြတ်ဂိုးကို သွင်းယူခဲ့ပါတယ်။

အခုပွဲစဉ်ရလဒ်ပိုင်းနဲ့အတူ တော့တင်ဟမ်က ဖေဖော်ဝါရီ ၆ ရက်၊ အန်ဖီးလ်မှာကစားရမယ့် ဒုတိယအကျော့ပွဲစဉ်မတိုင်ခင် ပြိုင်ဘက်ကို အသာစီးရယူထားနိုင်ခဲ့ပါတယ်။ လီဗာပူးအတွက်တော့ အန်းစလော့လက်အောက် ဒုတိယမြောက်ရှုံးပွဲ ကြုံတွေ့ခဲ့ရပြီး ပြိုင်ပွဲစုံ ၂၄ ပွဲဆက်ရှုံးပွဲမရှိစံချိန်လည်း ရပ်တန့်ခဲ့ရပါတယ်။

ပွဲစဉ်အပြီး အန်းစလော့က ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်လို့ မကြာသေးမီအချိန်တုန်းက ပေါ်ပေါက်ခဲ့ဖူးတဲ့ အငြင်းပွားမှုတွေကို ကိုးကားပြီး ဝေဖန်သွားခဲ့ပါတယ်။အန်းစလော့က “ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက ဒိုင်လူကြီးတွေရဲ့ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး မကျေနပ်ဖြစ်နေတဲ့ ပိုစတီကိုဂလူကို ဒီကွင်းထဲမှာ ကျွန်တော် မြင်တွေ့ခဲ့ရပါတယ်။

ပရိသတ်တွေကလည်း သူတို့ရဲ့အမြင်တွေကို အော်ဟစ်ခဲ့ကြပါတယ်။ ကျွန်တော်ကတော့ အဲ့ဒီအရာတွေ တစ်ခုကိုမှ မယုံကြည်ပါဘူး။ ကျွန်တော်က ဘောလုံးရာသီတစ်ခုမှာ ကွင်းလယ်ဒိုင်တွေရဲ့ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ကံကောင်း၊ မကောင်းဆိုတာကိုပဲ ယုံကြည်ပါတယ်။ တနင်္ဂနွေနေ့တုန်းကတော့ ဆုံးဖြတ်ချက်တစ်ခုက တော့တင်ဟမ်နဲ့ဆန့်ကျင်ဖက် ဖြစ်ခဲ့ပါတယ်။ ဒီအတွက် အခုပွဲစဉ်မှာ သူတို့ဘက်ကို မျက်နှာသာပေးတဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။ အမှန်ပါပဲ၊ အခြားတဖက်မှာတော့ ကျွန်တော်တို့တွေ ကံမကောင်းခဲ့တာပေါ့။ ဒီလိုအခိုက်အတန့်တစ်ခုကြောင့် တော့တင်ဟမ်လို အရမ်းကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ရချိန် ကစားသမားတစ်ဦးလျော့ကျသွားမယ်ဆိုရင် ပွဲထဲမှာ ကိုယ့်စိတ်တိုင်းကျ ဖြစ်စေချင်သလို ဖြစ်လာတော့မှာမဟုတ်ပါဘူး”လို့ ပြောပါတယ်။

ဗာ့ဂျ်ဂွါရဲ့ကစားပုံနဲ့ပတ်သက်လို့ ကွင်းလယ်ဒိုင်ရဲ့ကိုင်တွယ်ဖြေရှင်းမှုအပေါ် အန်းစလော့က “သူတို့ရဲ့ဂိုးပေါက်နဲ့ ကိုက် ၄၀ အကွာမှာ ကစားရတာထက် ဗာ့ဂျ်ဂွါကို အဝါကတ်ပြသလိုက်တာမျိုး ဘယ်သူမဆို ပိုလိုချင်လိမ့်မယ်လို့ ထင်ပါတယ်။ ပွဲကို ဆက်ကန်ခိုင်းမယ်ဆိုရင်လည်း ပွဲရပ်တန့်သွားချိန်မှာ ပြန်ပြီးတော့ အဝါကတ်ပြသလို့ မရဘူးလားဆိုတဲ့ မေးခွန်းလည်း ရှိနေပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဆိုလန်ကီရဲ့ဂိုးကို ခွင့်မပြုဘူးလို့ ပွဲအတွင်းမှာ အက်ဝဲလ် ကြေညာခဲ့ပေမယ့် ဗာ့ဂျ်ဂွါကို ဒုတိယမြောက်အဝါကတ် ဘာကြောင့်မပြသတာလဲဆိုတာတော့ မကြေညာခဲ့ပါဘူး။ ဒုတိယအကျော့ကန်ရဦးမှာဆိုတော့ ကောင်းပါတယ်။ ဒါပေမယ့် အခုရလဒ်ပိုင်းက ကျွန်တော်တို့လိုချင်တဲ့ပုံစံမျိုးတော့ မဖြစ်လာခဲ့ပါဘူး”လို့ ပြောပါတယ်။

လီဗာပူးကပ္ပတိန်ဗန်ဒိုက်ကလည်း “ဗာ့ဂျ်ဂွါကို ဒုတိယမြောက်အဝါကတ်ပြသရလိမ့်မယ်လို့ ထင်ပါတယ်။ ဒါ ရှင်းပါတယ်။ နောက်တစ်မိနစ်အကြာမှာပဲ သူ အနိုင်ဂိုးသွင်းယူလိုက်တာကတော့ တိုက်ဆိုင်မှုတစ်ခုပါ”လို့ ပြောကြားခဲ့ပါတယ်။ အန်ဖီးလ်မှာကစားရမယ့်ပွဲစဉ်အတွင်း လီဗာပူးအသင်းက အခုရှုံးနိမ့်မှုရလဒ်ကိုတွန်းလှန်ကာ ကာရာဘောင်ဖလားလက်ရှိချန်ပီယံဘွဲ့ကို ဆက်လက်ထိန်းသိမ်းသွားနိုင်ဖို့အတွက် အားသွန်ခွန်စိုက် ကြိုးစားသွားပါလိမ့်မယ်။