
ဆိုဘိုဆလိုင်းကို ပွဲထွက်ခွင့်ပေးခြင်းက ဘာကြောင့်မှားယွင်းခဲ့သလဲဆိုတာကို ရှင်းပြလိုက်တဲ့ အန်းစလော့
ဆောက်သမ်တန်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း ချည့်နဲ့နဲ့ပုံစံမျိုးဖြင့် ပွဲထွက်ပါဝင်ကစားခဲ့တဲ့ ဆိုဘိုဆလိုင်းကို အသုံးပြုခဲ့မှုက အမှားအယွင်းတစ်ခုဖြစ်တယ်ဆိုတာ ဘာကြောင့်ယုံကြည်မိနေသလဲဆိုတဲ့ အကြောင်းပြချက်ကို လီဗာပူးနည်းပြအန်းစလော့က ရှင်းပြလာခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ပြိုင်ဘက်ဆောက်သမ်တန်ကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပေမယ့် ဒုတိယပိုင်းပွဲချိန်တွေမှာတော့ လီဗာပူးက ပွဲကို အလှည့်အပြောင်းပြုလုပ်ကာ ၃-၁ ဂိုးဆိုတဲ့ရလဒ်ဖြင့် အနိုင်ယူခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ရဲ့ဒုတိယပိုင်းပွဲချိန်အစောပိုင်းချေပဂိုးက Comeback လမ်းစကို ဖန်တီးပေးလာခဲ့ပြီး မိုဆာလက်ရဲ့တိကျမှန်ကန်တဲ့ပယ်နယ်တီသွင်းဂိုးနှစ်ဂိုးနဲ့အတူ လီဗာပူးတို့ အမှတ်ပြည့်ရယူကာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်မှာ ၁၆ မှတ်ဖြတ် ရပ်တည်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် အခုရလဒ်ပိုင်းက ပထမပိုင်းပွဲချိန်အပြီး အန်းစလော့ပြုလုပ်ခဲ့တဲ့ နည်းဗျူဟာပိုင်းပြောင်းလဲမှုမှတဆင့် ထွက်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။ လီဗာပူးနည်းပြက ကွင်းလယ်ပိုင်းကို ပိုမိုလန်းဆန်းနေဖို့ရည်ရွယ်ချက်ဖြင့် ဆိုဘိုဆလိုင်း၊ ကာတစ်ဂျုံးစ်၊ ဆီမီကပ်စ်တို့နေရာမှာ အီလီယော့၊ မက်အယ်လစ္စတာ၊ ရော်ဘတ်ဆန်တို့ကို လူစားလဲလှယ်ခဲ့ပါတယ်။ ပထမပိုင်းပွဲချိန်အတွင်း အသင်းရဲ့ခြေစွမ်းပိုင်းလိုအပ်ချက်ကြောင့် လူစားလဲလှယ်သွားဖို့အတွက် စိတ်အားထက်သန်နေခဲ့တဲ့ ဒတ်ချ်လူမျိုးနည်းပြက ဆိုဘိုဆလိုင်းကို ပွဲထွက်ခွင့်ပေးခြင်းက အမှားအယွင်းတစ်ခုဖြစ်ခဲ့တယ်ဆိုတာကိုလည်း အတိအလင်းဝန်ခံပြောဆိုခဲ့ပါတယ်။
မယုံကြည်နိုင်လောက်စရာလုပ်အားနှုန်းနဲ့ ခံနိုင်ရည်စွမ်းတွေကြောင့် လူသိများထင်ရှားလှတဲ့ ဟန်ဂေရီကွင်းလယ်လူက ပထမပိုင်းပွဲချိန်အတွင်း သူ့ရဲ့အကောင်းဆုံးပုံစံကို မပြသနိုင်ခဲ့ပါဘူး။ ကစားသမားရွေးချယ်မှုအမှားအယွင်းဖြစ်ခဲ့ပုံကို ဝန်ခံလာတဲ့ အန်းစလော့က “ဒီနေ့လိုမျိုး နောက်တစ်ကြိမ်များ ထပ်ရှိလာမယ်ဆိုရင် ဒီနေ့ပွဲထုတ်လာတဲ့လူစာရင်းနဲ့ မတူကွဲပြားတဲ့ပွဲထွက်ကစားသမားတွေကို ကျွန်တော် အသုံးပြုသွားရပါလိမ့်မယ်။ ဒါပေမယ့် ရှေ့မှာဘာဖြစ်မလဲဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ဒီနေရာမှာထိုင်ပြီး ဆိုဘိုဆလိုင်းအကြောင်းကို အချိန်တိုင်း ပြောခဲ့ပြီးပါပြီ။ သူက စက်ပစ္စည်းတစ်ခုလို လုပ်ဆောင်နိုင်တယ်ဆိုတာ ကျွန်တော်ပြောပြခဲ့ပါတယ်။ သူက ထပ်ခါတလဲလဲ ပြေးလွှားမှုတွေကို ဆက်တိုက်ဆိုသလို လုပ်ဆောင်နိုင်ပါတယ်။
ဒီနေ့ပွဲစဉ်မှာတော့ အတိတ်ကာလနဲ့ မတူညီတဲ့စွမ်းအင်တစ်ခု သူ့ဆီမှ ထုတ်လွှတ်လိုက်တာကို မြင်တွေ့ခဲ့ရပါတယ်။ ဒါက ကျွန်တော့်အတွက်ဆို အခုဘောလုံးရာသီမှာ ပထမဆုံးအကြိမ်တောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါမျိုးကလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ ဆိုဘိုဆလိုင်းက ပွဲတိုင်းလိုလို အချိန်ပြည့်ပါဝင်ကစားခဲ့ရလို့ သူ့ကို ပွဲထွက်ခွင့်ပေးခြင်းက ကျွန်တော့်ရဲ့အမှားဆိုတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သတင်းကောင်းကတော့ သူက ၄၅ မိနစ်ပဲကစားပေးခဲ့ရတယ်ဆိုတာနဲ့ သူ့ကို ပွဲချိန်ပြည့်အသုံးပြုပြီးရင် အခုရရှိနေတာထက် ပိုမိုမယ့် အနားယူချိန်မျိုး သူ့အတွက် လာမယ့်သီတင်းပတ်တွေမှာ ရှိလာလိမ့်မယ်ဆိုတာပါပဲ”လို့ ပြောပါတယ်။
အခုနိုင်ပွဲအပြီး လီဗာပူးအသင်းက လာမယ့်အင်္ဂါနေ့၊ အန်ဖီးလ်မှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ် နောက်ဆုံး ၁၆ သင်းရှုံးထွက်အဆင့်ဒုတိယအကျော့ပွဲစဉ်ဆီ အာရုံစိုက်သွားဖွယ် ရှိပါတယ်။ ဒီနောက်မှာတော့ သူတို့တွေက လာမယ့်တနင်္ဂနွေနေ့၊ ဝင်ဘာလေကွင်းမှာ နယူးကာဆယ်နဲ့ ကာရာဘောင်ဖလားဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားရပါမယ်။