စာချုပ်သစ်အတွက် မူအားဖြင့် သဘောတူညီမှု ရရှိခဲ့ကြတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ဟယ်ရီကိန်း
Sky Germany ရဲ့ဖော်ပြချက်အရ စာချုပ်သစ်ချုပ်ဆိုရေးအတွက် ဟယ်ရီကိန်းနဲ့ ဘိုင်ယန်မြူးနစ်တို့အကြား မူအားဖြင့် သဘောတူညီမှု ရရှိသွားပြီလို့ သိရပါတယ်။
ဂျာမန်စံချိန်တင်ချန်ပီယံအသင်းရဲ့စီမံခန့်ခွဲသူတွေနဲ့ ဒီတိုက်စစ်မှူးတို့အကြား ဆွေးနွေးမှုတွေက အခုတော့ အပြီးသတ်နိုင်ဖို့ နီးစပ်လာနေပါပြီ။
၂၀၂၆ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်လာဖို့ ရေပန်းအစားဆုံးဖြစ်နေသူရဲ့လက်ရှိစာချုပ်ကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးမြှင့်သွားဖို့ ရှိနေတယ်လို့ ဒီအခပေးရုပ်သံလိုင်းရဲ့အဆိုအရ သိရပါတယ်။
လက်ရှိအခြေအနေအရ နောက်ဆုံးအသေးစိတ်အချက်အလက်တွေအတွက် နှစ်ဦးနှစ်ဖက် ရှင်းလင်းညှိနှိုင်းနေကြပြီး တရားဝင်လက်မှတ်ရေးထိုးမယ့်အချိန်ကိုတော့ မသတ်မှတ်ရသေးပါဘူး။
သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ ဒီအင်္ဂလန်လက်ရွေးစင်ကစားသမားက ဘာဗေးရီးယန်းမှာ သူ့ရဲ့စာချုပ်ကို သက်တမ်းတိုးဖို့ အမြဲတမ်း အဆင်သင့်ရှိနေခဲ့ပါတယ်။
လက်ရှိအချိန်အထိ ဟယ်ရီကိန်းက ဘိုင်ယန်မြူးနစ်အတွက် ၁၅၄ ပွဲကစား၊ ၁၅၂ ဂိုးအထိ သွင်းယူပေးထားပြီး အခုလိုစာချုပ်သက်တမ်းတိုးနိုင်မှုကြောင့် ဘိုင်ယန်မြူးနစ်အတွက် ကြီးမားတဲ့အောင်မြင်မှုတစ်ခု ဖြစ်လာပါလိမ့်မယ်။