The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ရဲ့တည်ငြိမ်လွန်းတဲ့ စွမ်းဆောင်ရည်ပိုင်းကို ကွန်ပနီ ချီးကျူးဂုဏ်ပြု

ဘိုင်ယန်မြူးနစ်က ပိုကယ်လ်ဖလားပထမအဆင့်ပွဲစဉ်အဖြစ် အော့စနာဘရုခ်အသင်းကို အဝေးကွင်းမှာ ၁-၄ ဂိုးဖြင့် နောက်မှလိုက်ကစားကာ အနိုင်ယူခဲ့ပါတယ်။ ဒီပွဲစဉ်ရဲ့ပွဲချိန်အစောပိုင်းမှာတင် ပြိုင်ပွဲရဲ့စံချိန်တင်ချန်ပီယံဘိုင်ယန်မြူးနစ်က အံ့အားသင့်ဖွယ် ဦးဆောင်ဂိုးပေးခဲ့ရပေမဲ့ နောက်ဆုံးမှာ အနိုင်ရလဒ်ကို ထိုက်ထိုက်တန်တန် ဖော်ဆောင်နိုင်ခဲ့ပါတယ်။ 

အခုပွဲစဉ်အပြီး ဘိုင်ယန်မြူးနစ်အသင်းပတ်ဝန်းကျင်မှာ အပေါင်းလက္ခဏာဆောင်နေခဲ့ပြီး ဟယ်ရီကိန်းနဲ့ တွမ်ဘစ်ချော့တို့ကလည်း အသင်းရဲ့ခြေစွမ်းပိုင်းကို ချီးကျူးခဲ့ကြပါတယ်။ အလားတူ နည်းပြကွန်ပနီက ပွဲစဉ်အပြီးမှာ ဒီကစားသမားနှစ်ဦးလိုပဲ ထပ်မံပြောဆိုခဲ့ပါတယ်။

လတ်တလော စတုဂတ်နဲ့ ဒေါ့မွန်တို့ကို အနိုင်ယူခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲစဉ်တွေလိုပဲ ဘိုင်ယန်မြူးနစ်က ပေးဂိုးမရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ကွန်ပနီကတော့ အော့စနာဘရုခ်မှာ သူ့ရဲ့အသင်းပြသခဲ့တဲ့ခြေစွမ်းပို်ငးအပေါ် စိတ်ကျေနပ်မှု ရှိနေခဲ့ပါတယ်။

ပွဲစဉ်အပြီး ARD သတင်းဌာနနဲ့ တွေ့ဆုံချိန် ကွန်ပနီက "ဟုတ်ပါတယ်၊ ကောင်းကောင်း ပြီးဆုံးသွားခဲ့ပေမဲ့ ပထမဆုံးဂိုးကတော့ တကယ့်ကို အံ့ဩစရာကောင်းလွန်းပါတယ်။ သူတို့ ဂိုးသွင်းယူသွားတဲ့ပုံစံက တကယ့်ကို မယုံနိုင်စရာပါပဲ။ ဒီသွင်းဂိုးကြောင့် အထူးသဖြင့် ပထမဆုံး ၁၀ မိနစ်အတွင်းမှာ သူတို့အတွက် စိတ်လှုပ်ရှားစရာ ကောင်းမွန်တဲ့လေထုကို ဖန်တီးပေးခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ တည်တည်ငြိမ်ငြိမ် ရှိခဲ့ကြပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ဒုတိယပိုင်းကစားပုံက အတော်လေးတောင့်တင်းခိုင်မာခဲ့ပါတယ်။ ပွဲစဉ်မတိုင်ခင်မှာလည်း ခက်ခဲမယ်ဆိုတာကို ကျွန်တော်တို့အားလုံး ကြိုတင်သိရှိထားခဲ့ကြပါတယ်"လို့ ပြောပါတယ်။

ကွန်ပနီက အစောပိုင်းဦးဆောင်ဂိုးခွင့်ပြုပေးရမှုအတွက် ဗဟိုခံစစ်ကစားသမားတွေကို အပြစ်ပုံချဖို့ ငြင်းဆန်ခဲ့ပြီး အော့စနာဘရုခ်အသင်းရဲ့အရည်အသွေးမြင့်မားတဲ့ ကစားပုံကိုပဲ  ပြောင်းလဲချီးကျူးခဲ့ပါတယ်။

"ပထမပိုင်းအပြီးမှာ ကျွန်တော်က ကစားသမားတွေကို အမြင့်ဘောတွေမှာ အသာစီးမရရှိနိုင်ဘူးဆိုတာ ပြောပြခဲ့ပါတယ်။ ဒါကြောင့် ဘောလုံးကို မြေပြင်မှာပဲ ရှိနေစေဖို့ အာရုံစိုက်သွားရမယ်ဆိုတာပါပဲ။ အော့စနာဘရုခ် သို့မဟုတ် အောက်တန်းလိဂ်ကလပ်အသင်းတွေမှာ  ဒီလိုအားသာချက်မျိုး မကြာခဏဆိုသလို ရှိတတ်ပါတယ်။ သူတို့ရဲ့တိုက်စစ်မှူးတွေက အမြင့်ဘောတွေမှာ တကယ်ကို ကောင်းမွန်ကြပြီး သူတို့ ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ကြတယ်ဆိုတာကို ကျွန်တော်တို့ ဝန်ခံရပါလိမ့်မယ်" လို့ ကွန်ပနီက ရှင်းပြခဲ့ပါတယ်။

ဆက်လက်ပြီး ဘိုင်ယန်မြူးနစ်နည်းပြက ကွင်းတွင်းနေရာလွတ်တွေကို အခွင့်ကောင်းယူအသုံးချနိုင်ခဲ့တဲ့ အသင်းရဲ့ကစားဟန်အပေါ် အထူးကျေနပ်နေခဲ့ပါတယ်။

"ကျွန်တော်တို့က နေရာလွတ်တွေ ပုံမှန်တွေ့ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒီနေရာလွတ်တွေ ပိုမိုကျယ်ပြန့်လာခဲ့ပြီး ကျွန်တော်တို့အတွက် အခွင့်အရေးတွေ ဖန်တီးပေးပါတယ်။ ပြိုင်ဘက်ကောင်းကို အဝေးကွင်းရှုံးထွက်ဖလားပွဲစဉ်မှာ ၁-၄ ဂိုးဖြင့် အနိုင်ရရှိတယ်ဆိုတာ အတော်လေးကောင်းပါတယ်။ အခုလိုအနိုင်ရရှိတာ ကောင်းပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်"လို့ ဆိုပါတယ်။

ကွန်ပနီအတွက်တော့ ဘောလုံးရာသီသစ်ဆီ ဝင်ရောက်လာတာနဲ့အမျှ အသင်းရဲ့ကစားပုံ တောင့်တင်းခိုင်မာစေဖို့ဆိုတာ ပထမဦးစားပေးရည်မှန်းချက် ဖြစ်လာပါတယ်။

"ကျွန်တော်တို့အသင်းကစားဟန်မှာ အချင်းချင်း ကောင်းကောင်းချိတ်ဆက်ကစားနိုင်တာကို မြင်တွေ့နိုင်တဲ့ အဆင့်တွေ ရှိပါတယ်။ ကျွန်တော်တို့ရဲ့တိုက်စစ်ခြိမ်းခြောက်မှုတွေက ကောင်းမွန်သလို ကစားပုံပြင်းထန်မှုလည်း ကောင်းမွန်ပါတယ်၊ ဒါပေမဲ့ ဒီလိုခြေစွမ်းအဆင့်ကို ဆက်လက်ထိန်းသိမ်းထားဖို့တော့ မလွယ်ကူပါဘူး။ အကယ်၍ ဒါက ပိုပြီး အဆင်ပြေလာမယ်ဆိုရင်တော့ ကျွန်တော်တို့ အသေးစိတ်အချက်အလက်တွေအကြောင်း ဆွေးနွေးနိုင်ပါလိမ့်မယ်" လို့ ဘယ်လ်ဂျီယံလူမျိုးနည်းပြက နိဂုံးချုပ်ပြောကြားခဲ့ပါတယ်။