
လူစားလဲခံရပြီးနောက် ဒေါသထွက်တဲ့အမူအရာကိုပြသခဲ့တဲ့ ဒီဘရိုင်းကို ကွန်တီ သတိပေး
နာပိုလီနည်းပြ အန်တိုနီယိုကွန်တီက တနင်္လာနေ့နံနက်က အေစီမီလန်ကို ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် စိတ်ဆိုးဒေါသထွက်နေတဲ့အမူအရာကိုပြသခဲ့တဲ့ အသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကယ်ဗင်ဒီဘရိုင်းကို သတိပေးပြောဆိုမှုတွေပြုလုပ်လာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ဒီဘရိုင်းဟာ နာပိုလီရဲ့ကွင်းလယ်ပိုင်းမှာ အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီး အသင်းအတွက် ပထမချေပဂိုးကိုလည်း ပင်နယ်တီမှတစ်ဆင့်သွင်းယူပေးနိုင်ခဲ့ပေမယ့် ကွန်တီကတော့ လူစားလဲဖို့သာ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ ဒီဘရိုင်းကို ပွဲကစားချိန် ၇၂ မိနစ်မှာလူစားလဲခဲ့တာဖြစ်ပြီး ဘယ်လ်ဂျီယံသားဟာ နည်းပြကိုနှုတ်ဆက်ခြင်းမရှိဘဲ ဒေါသထွက်နေတဲ့အမူအရာနဲ့ အရန်ခုံတန်းဆီသို့ထွက်ခွာခဲ့ကာ ပွဲကို စိတ်ပျက်လက်ပျက်အမူအရာနဲ့ ထိုင်ကြည့်နေခဲ့ပါတယ်။
ဒီဘရိုင်းကိုသာမက ကွန်တီဟာ ရက်စ်မွတ်စ်ဟွိုက်လန်းနဲ့ စကော့မက်တိုမီနေးတို့ကိုလည်း လူစားလဲခဲ့တာဖြစ်ပြီး ပွဲအပြီးမှာ "ကျွန်တော့်အနေနဲ့ လန်းဆန်းတက်ကြွနေမယ့် ကစားသမားတွေကို လူစားလဲဝင်ရောက်စေပြီး မီလန်ကိုဖိအားပေးချင်ခဲ့တာပါ။ ကျွန်တော် လူကာကိုထည့်ခဲ့ပေမယ့် ဘာမှတော့ဆက်မဖြစ်ခဲ့ပါဘူး။ လူစားလဲတယ်ဆိုတာ အသင်းအတွက်ကောင်းဖို့ပြုလုပ်ရတဲ့အရာဖြစ်ပြီး ကျွန်တော့်အနေနဲ့ မှန်ကန်တဲ့လူစားလဲမှုတွေပြုလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဒီဘရိုင်းရဲ့တုံ့ပြန်ပုံနဲ့ပတ်သက်ပြီးမေးမြန်းရာမှာ ကွန်တီက "ကျွန်တော်တို့ ၂-၁ နဲ့ရှုံးနေလို့ စိတ်ပျက်နေတာဖြစ်ပါစေလို့မျှော်လင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ လူစားလဲခံရလို့ စိတ်ပျက်တယ်ဆိုရင်တော့ ကျွန်တော်နဲ့ထိပ်တိုက်တွေ့သွားမှာပါ" လို့ဖြေကြားခဲ့ပါတယ်။
ဆက်လက်ပြီးကွန်တီက သူ့အနေနဲ့ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အားရမှုမရှိကြောင်းပြောကြားခဲ့ပေမယ့် ကစားသမားလုံလောက်မှုမရှိခြင်းကြောင့် အခုလိုရှုံးနိမ့်ခဲ့တာဖြစ်လို့ ကာကွယ်ပြောဆိုခဲ့ပါတယ်။ အီတလီသားနည်းပြက "ကျွန်တော်တို့ အခုနောက်ပိုင်းဂိုးတွေပြန်ပေးနေရပါတယ်။ ပီဆာနဲ့ပွဲမှာလည်း ၂ ဂိုးအထိပေးခဲ့ရပါတယ်။ ပြီးတော့ ဖီအိုရင်တီးနားနဲ့ပွဲမှာလည်း ၁ ဂိုးပေးခဲ့ရပါတယ်။ နောက်တန်းပိုင်းမှာ တိုးတက်ဖို့လိုနေပါပြီ။ အေစီမီလန်လိုအသင်းကို အဝေးကွင်းမှာ ဒီလိုစွမ်းဆောင်ရည်နဲ့လာကစားဖို့ဆိုတာ မလွယ်ပါဘူး။ အထူးသဖြင့်နောက်တန်းမှာ ကျွန်တော်တို့ပြင်ဆင်မှုတွေပြုလုပ်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်အောက်တိုဘာလ ၁ ရက်နေ့မှာတော့ နာပိုလီဟာ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ပေါ်တူဂီကလပ် စပို့တင်းကို အိမ်ကွင်းမှာဧည့်ခံကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ကို ပြန်လည်ရရှိအောင်စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။