The network connection is lost.

Banner Image

သူ့ရဲ့လက်ရွေးစင်အသင်းအခန်းကဏ္ဍအပေါ် စွပ်စွဲပြောဆိုမှုတွေကို ဒေါသတကြီးတုံ့ပြန်လိုက်တဲ့ ဟန်ဒါဆန်

အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စိတ်ပိုင်းဆိုင်ရာခွန်အားပေးရုံသက်သက်ဖြင့် သူ့ကို ခေါ်ယူခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ဂျော်ဒန်ဟန်ဒါဆန်က ပြင်းပြင်းထန်ထန်ရှုံ့ချခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြသောမတ်စ်တူချယ်က အသင်းလူစာရင်းမှာ အသက်-၃၅ နှစ်အရွယ် ဟန်ဒါဆန်ကို ပြန်လည်ရွေးချယ်ခြင်းဖြင့် အံ့အားသင့်စရာကိစ္စတစ်ခုကို လုပ်ဆောင်ခဲ့ပါတယ်။
 
တချိန်တည်းမှာပဲ အခုလိုဟန်ဒါဆန်ကို ပြန်လည်ရွေးချယ်ရခြင်းမှာ ကွင်းတွင်းစွမ်းဆောင်ရည်ထက် အဝတ်လဲခန်းအတွင်း ကောင်းမွန်တဲ့စရိုက်လက္ခဏာတစ်ခု ရှိနေခြင်းကြောင့်ဖြစ်တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမဲ့ ဘရန့်ဖို့ဒ်နဲ့အတူ ပရီမီးယားလိဂ်ဆီပြန်လည်ရောက်ရှိနေတဲ့ ဟန်ဒါဆန်က သူ့ရဲ့စွမ်းဆောင်ရည်တွေကြောင့်သာ လက်ရွေးစင်အသင်းမှာ ပါဝင်လာခြင်းဖြစ်ပြီး လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ဝင်ရောက်ယှဉ်ပြိုင်ဖို့လည်း ရည်မှန်းထားတယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။ လီဗာပူးကပ္ပတိန်ဟောင်းဟန်ဒါဆန်က “ ရှင်းရှင်းပြောရရင် ဒီလိုကိစ္စတွေကို တုံ့ပြန်ပေးဖို့ လိုအပ်တယ်လို့တောင် ကျွန်တော် မယူဆမိပါဘူး။ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကျွန်တော် ဘာတွေလုပ်ပေးနိုင်တယ်ဆိုတာကို နှစ်ပေါင်းများစွာပြသခဲ့ပြီးပါပြီ။ အမြင့်ဆုံးအဆင့်အတန်းတစ်ခုမှာ ကျွန်တော် ပါဝင်ကစားနိုင်ပါတယ်။

ပြင်ပမှာရှိနေတဲ့ မီဒီယာတွေပဲဖြစ်ဖြစ်၊ လူပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ် သူတို့တွေးချင်သလို တွေးနိုင်ပါတယ်။ တကယ်အရေးအကြီးဆုံးလူပုဂ္ဂိုလ်တွေကတော့ နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေ၊ ကစားသမားတွေနဲ့ သူတို့ရဲ့အတွေးအမြင်တွေသာ ဖြစ်ပါတယ်။ သူတို့ကိုသာ ကျွန်တော်က ဒီအသင်းမှာ အားပေးရုံသက်သက် ပါဝင်လာသလားဆိုတာ မေးမြန်းကြည့်ကြပါ။ ဥရောပရဲ့အကောင်းဆုံးနည်းပြတစ်ဦးက ဒီလိုကိစ္စလောက်နဲ့ ကျွန်တော့်ကို ရွေးချယ်မယ်လို့တော့ မထင်ပါဘူး။

လေ့ကျင့်ရေးကွင်းမှာပဲဖြစ်ဖြစ်၊ ကွင်းတွင်းမှာပဲဖြစ်ဖြစ် အကောင်းဆုံးစွမ်းဆောင်နိုင်လို့ ဒီနေရာဆီ ရောက်ရှိနေတာပါ။ ကျွန်တော့်ရဲ့အဓိကလုပ်ဆောင်သွားရမယ့်အချက်ကလည်း အသင်းကို ကူညီပေးပြီး အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ပေးသွားဖို့ ဖြစ်ပါတယ်။ ကျန်တဲ့အရာတွေအားလုံးလည်း ကျွန်တော်နဲ့ပဲ အဓိကသက်ဆိုင်ပါတယ်”လို့ ပြောပါတယ်။

ဟန်ဒါဆန်ရဲ့ကစားသမားဘဝက လီဗာပူးမှ ဆော်ဒီပရိုလိဂ်ဆီ ပြောင်းရွှေ့ချိန် အတော်လေးပြောင်းလဲသွားပြီး နောက်ခြောက်လအကြာမှာပဲ ယူရိုပြိုင်ပွဲအတွက် သူ့ရဲ့နေရာကိုရှာဖွေဖို့ အေဂျက်စ်ဆီ ပြန်လာခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ဘဲ ဟန်ဒါဆန်က ယူရိုပြိုင်ပွဲကို လွဲချော်ခဲ့ပေမဲ့ အသက်-၃၆ နှစ်ပြည့်မြောက်ချိန် လာမယ့်နွေရာသီ၊ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ ပါဝင်ဆင်နွှဲဖို့ ဆန္ဒရှိနေပါတယ်။ ဒါ့အပြင် သူက အတိတ်ကာလဆီ ပြန်သွားနိုင်မယ်ဆိုရင် မတူညီတဲ့ဆုံးဖြတ်ချက်တစ်ခု ချမှတ်သွားနိုင်တယ်လို့ ဝန်ခံလိုက်ပြီး ယူရိုပြိုင်ပွဲနဲ့ လွဲချော်မယ်လို့ မယူဆမိဘူးလို့ ပြောဆိုခဲ့ပါတယ်။

ဟန်ဒါဆန်က “ ဆော်ဒီမှာရှိနေချိန် တွေးမိတဲ့အရာက ယူရိုပြိုင်ပွဲမတိုင်ခင် စခန်းသွင်းလေ့ကျင့်မှုတိုင်းမှာ ကျွန်တော်ရှိနေခဲ့တယ်ဆိုတာပါပဲ။ ဒါကြောင့် ဒီအချက်ကို အကြောင်းပြချက်တစ်ခုလို့ မထင်ပါဘူး။ အချိန်ကိုက်ဖြစ်၊မဖြစ် ဆိုတာပါပဲ။ အချိန်တွေသာ နောက်ဆုတ်လို့ရမယ်ဆိုရင် မတူညီတဲ့ဆုံးဖြတ်ချက်တွေ ချမှတ်ကောင်း ချမှတ်နိုင်ပါတယ်။

ဒါပေမဲ့ အဲ့ဒီအချိန်တုန်းကတော့ ကျွန်တော်ကိုယ်တိုင်သာ သိရှိထားပြီး မတူညီတဲ့အကြောင်းပြချက်တွေအတွက် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ပါတယ်။ အဆုံးမှာတော့ ကျွန်တော်က အမှန်ကန်ဆုံးအရာတွေလုပ်ဆောင်ဖို့ပဲ ကြိုးစားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် တက်နိုင်သမျှပါဝင်ကစားပေးချင်ပါတယ်။ ပြန်လာဖို့ရော စိတ်ကူးထားသလဲဆိုရင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အေဂျက်စ်မှာကစားနေချိန်ကတည်းက ကျွန်တော်က အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။ ဒါကြောင့် အေဂျက်စ်မှာ ကစားနိုင်ဆဲပဲဆိုရင် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကောင်းမွန်မှန်ကန်တဲ့အဆင့်အတန်းတစ်ခုမှာ အဆင်သင့်ရှိနေဆဲပဲဆိုတာကို သိရှိထားခဲ့ပါတယ်။

ပရီးမီးယားလိဂ်မှာပြန်ကစားဖို့ဆိုတာကတော့ ကျွန်တော့်အတွက် ဆုံးဖြတ်ချက်တစ်ခုဆိုတာထက်တောင် ပိုပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ကျွန်တော့်အတွက် အကောင်းဆုံးလိဂ်လို့သတ်မှတ်ထားတဲ့ ပြိုင်ပွဲရဲ့ အငွေ့အသက်တွေကို လွမ်းဆွတ်နေခဲ့ပါတယ်။ ဒါကြောင့် ပြန်လာဖို့အခွင့်အရေးရရှိချိန်ကသာ ပြန်လာဖို့အတွက် အကြောင်းအရင်းတစ်ရပ် ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။