
အသင်းမှာ ကစားသမား ၂ ယောက်ကို ပြိုင်ဘက်ပရိသတ်တွေ စော်ကားခဲ့ကြတယ်လို့ အသိပေးလာတဲ့အန်ဆယ်လော့တီ
ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက ယနေ့နံနက်က ရီးရဲလ်ဆိုစီဒက်ကို ၀-၁ နဲ့အနိုင်ရခဲ့တဲ့ ကိုပါဒယ်ရေးဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ အသင်းရဲ့ ကစားသမား ၂ ဦးဖြစ်တဲ့ ဗင်နီစီးယက်စ်ဂျူနီယာနဲ့ ရာအူးလ်အဆန်စီယိုတို့ကို ပြိုင်ဘက်ပရိသတ်တွေက စော်ကားခဲ့ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အသင်းရဲ့အဓိက ကစားသမားတွေဖြစ်တဲ့ ကော်တိုရစ်၊ ဗယ်လ်ဗာဒီနဲ့ အမ်ဘာပေတို့မပါဝင်နိုင်ခဲ့ပေမယ့် အဝေးကွင်းမှာနိုင်ပွဲဖော်ဆောင်ပြီး နောက်တစ်ဆင့်ကိုတက်ရောက်နိုင်ဖို့ အခြေအနေကောင်းတစ်ရပ်ကို ဖန်တီးနိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ အန်ဆယ်လော့တီက အသင်းရဲ့ရလဒ်ပိုင်းကို ကျေနပ်မိကြောင်း ပြောကြားခဲ့ပါတယ်။
အီတလီသားနည်းပြက "ဒီနေ့မှာ ကျွန်တော်လူစာရင်းအပြောင်းအလဲတွေပြုလုပ်ခဲ့ပါတယ်။ ဒါပေမယ့် အသင်းရဲ့ကစားပုံက ကျစ်လစ်နေတုန်းပါပဲ။ နောက်တန်းပိုင်းမှာပုံစံကောင်းရခဲ့ပြီး ခြေစွမ်းပြသနိုင်ခဲ့ကြပါတယ်။ လူစာရင်းပြောင်းလဲမှုတွေရှိခဲ့ပေမယ့် အသင်းရဲ့ကစားပုံက ထက်မြက်နေတုန်းပါပဲ။ အန်းဒရစ်က ဒီပွဲမှာ ခြေစွမ်းပြခဲ့ပြီး အရေးပါတဲ့သွင်းဂိုးကို သွင်းယူပေးခဲ့ပါတယ်။ အာဂါဂူလာကလည်း နေရာယူမှန်မှန်နဲ့ ခြေစွမ်းပြခဲ့ပြီး နောက်တန်းကိုလည်း ကူညီပေးခဲ့ပါတယ်။ဒါကြောင့် ဒီပွဲအတွက် ကျေနပ်မိပါတယ်။ ဒုတိယအကျော့အတွက် ကောင်းမွန်တဲ့ရလဒ်တစ်ခုကို ဖန်တီးနိုင်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အန်ဆယ်လော့တီက ပြိုင်ဘက်ပရိသတ်တွေရဲ့ စော်ကားမှုကိုခံခဲ့ရတဲ့ ဗင်နီစီးယက်စ်နဲ့ အဆန်စီယိုတို့အကြောင်းကိုလည်း ပြောကြားခဲ့ပါတယ်။ ယခုပွဲစဉ်မှာ ဆိုစီဒက်ပရိသတ်တွေဟာ ပထမပိုင်းပွဲချိန်အတွင်း "အဆန်စီယို သေပါစေ" ဆိုပြီး သံပြိုင်အော်ဟစ်ခဲ့ကြသလို၊ ဗင်နီစီးယက်စ်ကိုလည်း လူမျိုးရေးခွဲခြားမှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။
အန်ဆယ်လော့တီက "ကွင်းလယ်ဒိုင်ရဲ့တုံ့ပြန်ပုံက အရမ်းကောင်းတယ်လို့ထင်ပါတယ်။
ဗင်နီစီးယက်စ်က လူမျိုးရေးခွဲခြားခံရကြောင်း သွားပြောချိန်မှာ ဒိုင်က ပွဲကို ချက်ချင်းရပ်တန့်ခဲ့ပါတယ်။ ဒါက ကောင်းတဲ့အရာတစ်ခုပါ။ လုပ်သင့်တဲ့အရာလို့လည်းမြင်ပါတယ်။ အဆန်စီယိုကို ပထမပိုင်းအပြီးမှာလူစားလဲခဲ့တဲ့တာက အကြောင်းအရင်း ၂ ချက်ရှိပါတယ်။ ပထမတစ်ချက်က သူ့ကို ပြိုင်ဘက်ပရိသတ်တွေက သေပါစေလို့ သံပြိုင်အော်နေကြပါတယ်။ ဒါကြောင့် သူပွဲထဲမှာ အာရုံမရတော့ပါဘူး။ ဘယ်သူမှ သေပါစေလို့ အပြောမခံချင်ပါဘူး။ ဒုတိယတစ်ချက်ကတော့ သူအဝါကတ်ထိထားပါတယ်။ ဒါကြောင့် သူ့ကိုလူစားလဲဖို့ပဲ ဆုံးဖြတ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အန်ဆယ်လော့တီက ပွဲပြီးကာနီးမှာ ဒဏ်ရာရသွားတဲ့ ကွင်းလယ်လူ ဒန်နီဆီဘယ်လော့စ်ရဲ့ အခြေအနေကိုလည်း အသိပေးပြောကြားခဲ့ပါတယ်။ အစောပိုင်းမှာတော့ ဆီဘယ်လော့စ်ဟာ အများဆုံး ၁ လလောက်အထိ အနားယူသွားရမယ်လို့ သတင်းတွေထွက်ပေါ်ထားတာဖြစ်ပါတယ်။ အီတလီသားက "ကျွန်တော်တို့ စောင့်ကြည့်ရဦးမှာပါ။ ပွဲအပြီးမှာ သူကြွက်သားပြဿနာရှိခဲ့ပါတယ်။ မနက်ဖြန်မှာ စစ်ဆေးမှုတွေပြုလုပ်သွားပါမယ်။ ကျွန်တော်တို့ ဘာမှမတတ်နိုင်ခဲ့တာကတော့ စိတ်ပျက်ဖို့ကောင်းပါတယ်" လို့အသိပေးပြောကြားခဲ့ပါတယ်။