The network connection is lost.

Banner Image

အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ်မြင်တွေ့ချင်တယ်လို့ ဖွင့်ဟလာခဲ့တဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ် အန်ဆယ်လော့တီက အသင်းရဲ့ကစားသမားဟောင်း ဇာဗီအလွန်ဆိုကို တစ်ချိန်ချိန်မှာ ရီးရဲလ်မက်ဒရစ်နည်းပြအဖြစ် မြင်တွေ့လိုကြောင်းနဲ့ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုများရှိနေသော်လည်း လာလီဂါအသင်းကို ကိုင်တွယ်ရတာပျော်ရွှင်နေကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
 
ဒါ့အပြင် အီတလီသားက စပိန်လက်ရွေးစင်ကစားသမားဟောင်း အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်မှာ ပြန်လည် မြင်တွေ့လိုသော်လည်း လက်ရှိမှာတော့ ရီးရဲလ်မက်ဒရစ်နည်းပြတာဝန်မှ နုတ်ထွက်ဖို့ အစီအစဉ်မရှိဘူးလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
 
ယခုရာသီမှာ ရီးရဲလ်မက်ဒရစ်ဟာ ကောင်းမွန်တဲ့ရာသီစတင်မှုရှိခဲ့သော်လည်း ပြီးခဲ့တဲ့ သီတင်းပတ်အကုန်မှာတော့ မြို့ခံပြိုင်ဘက် အက်သလက်တီကိုမက်ဒရစ်ကို ၃-၁ နဲ့ရှုံးနိမ့်ခဲ့တာကြောင့် ပထမဆုံးအကြိမ် ရမှတ်ဆုံးရှုံးခဲ့ရပါတယ်။ ရှုံးပွဲကြောင့် အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်မှ ထွက်ခွာတော့မယ်လို့ သတင်းများထွက်ပေါ်လာပြီး ပြီးခဲ့တဲ့ နွေရာသီကလည်း ဘရာဇီးလက်ရွေးစင်အသင်းက ၎င်းကို နည်းပြအဖြစ်ဆောင်ရွက်ရန် ချိတ်ဆက်မှုတွေ ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။
 
လက်ရှိမှာ ရီးရဲလ်မက်ဒရစ်ကစားသမားဟောင်း အလွန်ဆိုဟာလည်း ၎င်းရဲ့ ကိုယ်ပိုင်နည်းပြဘဝ အသက်မွေးဝမ်းကြောင်းကို တစိုက်မတ်မတ် ပုံဖော်နေပြီး လေဗာကူဆင်နည်းပြဘဝဒုတိယရာသီမှာ အထင်ကြီးလောက်စရာစွမ်းဆောင်ရည်တွေကိုပြသထားနိုင်ခဲ့တာကြောင့် ဂျာမန်ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ချန်ပီယံဟောင်း ဘိုင်ယန်မြူးနစ်ကို ဖိအားပေးထားနိုင်တာဖြစ်ပါတယ်။
 
ဒါကြောင့် ယမန်နေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ အန်ဆယ်လော့တီက အလွန်ဆိုဟာ ရီးရဲမက်ဒရစ်နည်းပြဖြစ်လာဖို့ အကောင်းဆုံးဖြစ်တယ်လို့ ချီးကျူးခဲ့ပြီး အသက်-၄၁ နှစ်အရွယ် ကစားသမားဟောင်းကို စပိန်မြို့တော်သို့ ပြန်လာစေချင်ကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။
 
၎င်းက “သူ့ရဲ့ ကစားသမားဘဝကို ကျွန်တော်နဲ့အတူတူဖြတ်သန်းခဲ့ဖူးလို့ သူ့အကြောင်းကို ကျွန်တော်ကောင်းကောင်းသိပါတယ်။ သူ့မှာ ဘောလုံးနဲ့ပတ်သက်လို့ ကြီးမားတဲ့ ဗဟုသုတတွေအများကြီးရှိပြီး အခုလည်း လေဗာကူဆင်မှာ အကောင်းဆုံးဦးဆောင်နေပါတယ်။ သူ့ကို ကျွန်တော်အရမ်းသဘောကျပါတယ်။ ဒါကြောင့် တစ်နေ့မှာ သူ့ကို ရာအူးလ်နဲ့ အာဘီလိုအာတို့လိုပဲ ရီးရဲလ်မက်ဒရစ်နည်းပြဖြစ်လာဖို့ မျှော်လင့်ပါတယ်။ သူကအရမ်းတော်တဲ့ လူတစ်ယောက်ပါ။ ရီးရဲလ်မက်ဒရစ်ကိုဦးဆောင်နိုင်မှာ သေချာပါတယ်” လို့ပြောကြားခဲ့ပါတယ်။ လက်ရှိမှာ ရာအူးလ်ဟာ ရီးရဲလ်မက်ဒရစ်ကတ်စတီလာအသင်းကို တာဝန်ယူကိုင်တွယ်နေပြီး နဲ့ အာဘီလိုအာကတော့ ရီးရဲလ်မက်ဒရစ် ယူ-၁၉ အသင်းကို တာဝန်ယူထားပါတယ်။
 
အသက်-၆၄ နှစ်အရွယ်ရှိပြီဲဖြစ်တဲ့ အန်ဆယ်လော့တီနဲ့ ရီးရဲလ်မက်ဒရစ်တို့ရဲ့ စာချုပ်သက်တမ်းဟာ ယခုရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်သော်လည်း ၎င်းကတော့ ဘာနေဗျူးအသင်းကို ဆက်လက်တာဝန်ယူကိုင်တွယ်လိုကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ ၎င်းရဲ့ရာထူးနဲ့ပတ်သက်ပြီး ထင်ကြေးပေးမှုတွေအမျိုးမျိုးရှိနေပေမယ့် ဆန်တီယာဂိုဘာနေဗျူးမှာပျော်ရွှင်နေကြောင်းကို အန်ဆယ်လော့တီက “ကျွန်တော်ဒီမှာ အရမ်းပျော်နေတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမယ့် အခုအချိန်က ဒါတွေပြောနေရမယ့် အချိန်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ ကစားရမယ့်ပွဲတွေအများကြီးရှိသေးတာကြောင့် ဒီကိစ္စတွေကို အနာဂတ်မှာပြောလို့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။