The network connection is lost.

Banner Image

မန်စီးတီးကို အနိုင်ယူခဲ့တဲ့ပွဲစဉ်အတွင်း ရီးရဲလ်မက်ဒရစ်ရဲ့ပြီးပြည့်စုံတဲ့စွမ်းဆောင်ရည်ပိုင်းအတွက် ဂုဏ်ယူနေတဲ့ အန်ဆယ်လော့တီ

ဒီနေ့မနက်ပိုင်း၊ ချန်ပီယံလိဂ်ရှုံးထွက်ပလေးအော့ဖ်ပထမအကျော့အဖြစ် မန်စီးတီးကို ၃-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်မှာ အကောင်းဆုံးပြန်လာနိုင်မယ့် စွမ်းဆောင်ရည်မျိုးပြသခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ အန်ဆယ်လော့တီက သူ့အသင်းရဲ့ကြိုးစားအားထုတ်မှုအတွက် ချီးကျူးစကားဆိုခဲ့ပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဟာလန်းရဲ့နှစ်ကြိမ်တိုင်တိုင်ဦးဆောင်ဂိုးသွင်းယူမှုကို အမ်ဘာပေ၊ ဘရာဟင်ဒီယက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့ ချေဖျက်ခဲ့ပြီး ဘယ်လင်ဟမ်ရဲ့နာကျင်အချိန်ပိုသွင်းဂိုးနဲ့ အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပါတယ်။ အန်ဆယ်လော့တီကလည်း ပြိုင်ဘက်ထက် အခွင့်အရေးပိုမိုဖန်တီးရင်း ထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖော်ဆောင်နိုင်ခဲ့တယ်လို့ ယူဆခဲ့ပါတယ်။ အခုပွဲစဉ်ရလဒ်ပိုင်းကြောင့် အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်ကို အီတီဟတ်ကွင်းမှာ ပထမဆုံးအကြိမ်နိုင်ပွဲရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

Movistar Plus နဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ ဒါက ကျွန်တော့်ရဲ့ဝေဖန်မှုတွေကို ကျော်လွန်ပြီး ကဏ္ဍစုံပြီးပြည့်စုံတဲ့နိုင်ပွဲတစ်ခုဖြစ်ခဲ့တယ်လို့ ထင်ပါတယ်။ 
လူတိုင်း အစွမ်းကုန်ကြိုးစားခဲ့ပါတယ်။ အခွင့်အရေးတွေ အများကြီးလည်း ရရှိခဲ့ပါတယ်။ ဦးဆောင်ဂိုးတွေ ပေးထားရချိန်မှာတောင် ကျွန်တော်တို့ လက်မမြှောက်ခဲ့ပါဘူး။ ဒါက ပြီးပြည့်စုံပြီး အပြစ်အနာအဆာပြောစရာမရှိတဲ့ စွမ်းဆောင်ရည်တစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ နိုင်ပွဲနဲ့ထိုက်တန်ခဲ့တယ်လို့ ထင်ပါတယ်။

ကျွန်တော်တို့တွေ စုစုစည်းစည်းနဲ့ ခံစစ်ကို အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ သူတို့တွေ ပယ်နယ်တီနဲ့ ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ရှေ့ပိုင်းမှာကတည်းက ကျွန်တော်တို့က အရမ်းထိရောက်အောင် ကစားထားနိုင်ခဲ့ပါတယ်။ တိကျမှုအနည်းငယ်ပိုရှိနေတာမျိုး လိုနိုင်ပေမယ့် ကစားသမားတွေက အသင်းလိုက်စွမ်းရည်၊ တစ်ဦးချင်းစွမ်းရည်၊ ရွေ့လျားနိုင်စွမ်းနဲ့အတူ အခွင့်အရေးတွေ အများကြီးဖန်တီးနိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။

အန်ဆယ်လော့တီက သူ့အသင်းရဲ့အခုလိုစွမ်းဆောင်ရည်ပိုင်းအပေါ် မအံ့သြမိပေမယ့် ဒုတိယအကျော့ပွဲစဉ်အတွက် အာရုံစူးစိုက်ထားဖို့နဲ့ ယုံကြည်မှုမလွန်ကဲစေဖို့ တိုက်တွန်းသွားခဲ့ပါတယ်။ အီတာလျံဝါရင့်နည်းပြကြီးက “ ရလဒ်ဆိုတာ လှည့်စားနိုင်ပါတယ်။ အနိုင်ရရှိပြီးပြီဆိုရင် အားလျှော့သွားပြီး ထပ်လုပ်ပြစရာမလိုတော့ဘူးလို့ ယုံကြည်သွားလေ့ရှိပါတယ်။ ကျွန်တော်တို့တွေ ဒီထောင်ချောက်ဆီ သက်ဆင်းသွားလို့ မရပါဘူး။

ကျွန်တော်တို့ အကောင်းဆုံးပြင်ဆင်သွားရပါမယ်။ ဒီညလုပ်ခဲ့သလိုမျိုးပဲ အာရုံစူးစိုက်မှုအပြည့်၊ အရည်အသွေးအပြည့်နဲ့ အနစ်နာခံမှုတွေ ရှိသွားရပါမယ်။ ဒါကတော့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ ရီးရဲလ်မက်ဒရစ်အတွက် ဘောလုံးရာသီစတင်ပါပြီ။ ကျွန်တော်တို့တွေ အရမ်းခက်ခဲတဲ့နေရာဆီ လာရောက်ကစားခဲ့ရပေမယ့် အရမ်းကောင်းတဲ့ရလဒ်တစ်ခုရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။