
အီဆက်ခ်ရဲ့လီဗာပူးကစားသမားဘဝပွဲဦးထွက်ခြေစွမ်းကို ကာကွယ်ပြောဆိုခဲ့တဲ့ အန်းစလော့
ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာ အခုဘောလုံးရာသီ၊ ပထမဆုံးရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရချိန် လီဗာပူးအတွက် ပရီးမီးယားလိဂ်ပွဲဦးထွက်အဖြစ် ပါဝင်ကစားခဲ့တဲ့ ပေါင် ၁၂၅ သန်းတန်တိုက်စစ်မှူးအီဆက်ခ်ရဲ့ခြေစွမ်းအပေါ် ကာကွယ်ပေးဖို့ အန်းစလော့ ထွက်ပေါ်လာခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ ဆဲလ်ဟတ်ပတ်ခ်မှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း အီဆက်ခ်က လီဗာပူးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပထမဆုံးအကြိမ် ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။ မေလနောက်ပိုင်း၊ ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့တဲ့ အသက်-၂၆ နှစ်အရွယ်ကစားသမားက ၈၄ မိနစ်ကြာ ပါဝင်ကစားခဲ့ပြီး သွင်းဂိုးရရှိနိုင်ဖို့ အနီးစပ်ဆုံးအခြေအနေကို ဖန်တီးနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ အန်းစလော့က ဆွီဒင်သားရဲ့စွမ်းဆောင်ရည်အပေါ် ချီးကျူးခဲ့ပြီး မိနစ် ၉၀ နီးပါး ဘာကြောင့်ကစားခွင့်ပေးခဲ့သလဲဆိုတဲ့အချက်ကိုလည်း ရှင်းပြသွားခဲ့ပါတယ်။ ဒါ့အပြင် ဒတ်ချ်လူမျိုးနည်းပြက ဂတ်ပိုအစား ဖလော်ရီယန်ဝစ်ဇ်ကို ပွဲထွက်ခွင့်ပေးခဲ့တဲ့ သူ့ရဲ့ဆုံးဖြတ်ချက်ကိုလည်း သုံးသပ်ခဲ့ပြီး အသင်းရဲ့ပထမပိုင်းစွမ်းဆောင်ရည်ဟာ ထင်မှတ်ထားသလိုမဖြစ်လာခဲ့တာကြောင့် ပွဲချိန်ထက်ဝက်အပြီး အပြောင်းအလဲတွေ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အန်းစလော့က “ ၈၄ မိနစ်တိတိ အီဆက်ခ်ကစားနိုင်ခြင်းက ပွဲအရှိန်လျှော့ကျနေမှုနဲ့လည်း အများကြီးသက်ဆိုင်ပါတယ်။ ပြိုင်ဘက်အသင်းက ခံစစ်ဇုန်ထဲမှာ ကစားသမား ၁၀ ဦးလောက်အထိထားပြီး ဂိုးပေါက်ကို ပိတ်ဆို့ထားမယ်ဆိုရင် သူတို့တွေရဲ့ကစားကွက်အရှိန်အဟုန်ကိုမြှင့်တင်ဖို့ အချိန်အနည်းငယ်ယူရပါလိမ့်မယ်။
အပြန်အလှန်တိုက်စစ်ဖွင့်ကစားတဲ့ပွဲစဉ်မှာတော့ အထောင်တိုက်စစ်မှူးတစ်ဦးအတွက် ပြေးလွှားမှုတွေ အများကြီးလုပ်သွားဖို့ လိုအပ်ပါတယ်။ ဒါဆိုရင်တော့ သူ့ကို ပွဲချိန် ၈၄ မိနစ်လောက်အထိ အသုံးမပြုနိုင်ပါဘူး။ ဒါပေမဲ့အခုပွဲစဉ်ကတော့ အချို့တန်ပြန်တိုက်စစ်ဆင်မှုတွေနဲ့အတူ ခံစစ်ကို ပိတ်ဆို့ကစားတဲ့ ပွဲစဉ်တစ်ခု ဖြစ်ခဲ့ပါတယ်။
အီဆက်ခ်အတွက် သွင်းဂိုးရရှိလိုနီးပါး အခြေအနေတစ်ခု ရှိခဲ့ပါတယ်။ သူက အင်္ကျီဆွဲခံထားလို့ အနည်းငယ်ဟန်ချက်ပျက်နေချိန်မှာတောင် သူ့ရဲ့ခြေထောက်အပေါ် ယုံကြည်မှုအပြည့်နဲ့ ဘောလုံးကန်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ဟန်ချက်ပျက်စေဖို့ အနည်းငယ်တွန်းတိုက်မှုက ပယ်နယ်တီရရှိဖို့အထိ လုံလောက်သွားနိုင်ပါတယ်။ အီဆက်ခ်ကိုယ်တိုင် ဂိုးမသွင်းယူနိုင်ပေမဲ့ စွမ်းဆောင်ရည်ပိုင်းတော့ အတော်လေး ကောင်းမွန်ခဲ့ပါတယ်”လို့ ပြောပါတယ်။
လူစာရင်းရွေးချယ်မှုပိုင်းနဲ့ပတ်သက်လို့ အန်းစလော့က “ ကျွန်တော်တို့က ပထမပိုင်းပွဲချိန်အတွင်းမှာ ဖလော်ရီယန်ဝစ်ဇ်နဲ့အတူ ကွင်းလယ်ပိုင်းကို အသာစီးရယူထားချင်လို့ ဂတ်ပိုကို ပွဲထွက်ခွင့် မပေးခဲ့တာပါ။ ဒါပေမဲ့ ဦးဆောင်ဂိုးပေးလိုက်ရပြီးနောက် ချေပဂိုးလိုအပ်နေချိန် တောင်ပံနှစ်ဖက်လုံးအသက်ဝင်နေစေဖို့ ဂတ်ပိုကို နေရာပြန်ပေးခဲ့ပါတယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့က တိုက်စစ်ကစားသမားတွေ များများထည့်သွင်းပြီး စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့တာပါ။ အသင်းရဲ့ပထမပိုင်းပွဲချိန်ကစားပုံကတော့ ပွဲမတိုင်ခင် ကျွန်တော်မျှော်လင့်ထားခဲ့တဲ့ ပုံစံမျိုး မဟုတ်ပါဘူး”လို့ ပြောပါတယ်။