The network connection is lost.

Banner Image

ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အရန်ကစားသမားအဖြစ်သာ ပါဝင်ခဲ့ရလို့ မကျေမနပ်ဖြစ်နေတဲ့ ဂါနာချို

မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ သူ့ရဲ့ညီဖြစ်သူဟာ ယနေ့နံနက် တော့တင်ဟမ်ကို ၁-၀ နဲ့အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ပွဲထွက်ပါဝင်ခွင့်မရဘဲ အရန်ကစားသမားအဖြစ်သာ ကစားခဲ့ရလို့ နည်းပြရူဘင်အာမိုရင်ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် ဝေဖန်မှုတွေ ပြုလုပ်လာခဲ့ပါတယ်။ 

ယခုပွဲစဉ်မှာ‌ တော့တင်ဟမ်အတွက်အနိုင်ဂိုးကို တောင်ပံကစားသမား ဘရန်နန်ဂျွန်ဆန်က ပထမပိုင်းပြီးကာနီးမှာ သွင်းယူပေးခဲ့တာဖြစ်ပြီး အဆိုသွင်းဂိုးက အသင်းအတွက် ယူရိုပါလိဂ်ချန်ပီယံဖြစ်စေဖို့ လုံလောက်စေခဲ့ပါတယ်။ ဂါနာချိုဟာ ဒီရာသီမှာ ယူနိုက်တက်ရဲ့ ပွဲစဉ်တိုင်းလိုလိုမှာ ပါဝင်ခွင့်ရထားတဲ့ ကစားသမားဖြစ်ပြီး စုစုပေါင်း ၅၇ ပွဲ ကစားထားရတာဖြစ်ပါတယ်။ 

သို့သော်လည်း အာဂျင်တီးနားသားဟာ ယခုဗိုလ်လုပွဲမှာတော့ အရန်ခုံမှာသာ ထိုင်ခဲ့ရပြီး ပွဲပြီးဖို့ မိနစ် ၂၀ အလိုလောက်မှာ လူစားဝင်ရောက်ကစားခဲ့ရပါတယ်။ နည်းပြအာမိုရင်ဟာ ယခုပွဲစဉ်မှာ ကွင်းလယ်လူ မေဆင်မောင့်ကို ဂါနာချိုရဲ့နေရာမှာ ကစားခိုင်းခဲ့ပြီး ဒီရာသီ ဒုတိယမြောက် ယူရိုပါလိဂ်ပွဲထွက်ခွင့်ကို ပေးခဲ့ပါတယ်။ 

ပွဲအပြီးမှာတော့ ဂါနာချိုကို အရန်ခုံထိုင်ခိုင်းခဲ့တဲ့ အာမိုရင်ရဲ့ဆုံးဖြတ်ချက်ကို မကျေနပ်တဲ့ ကစားသမားရဲ့ ညီက ဆိုရှယ်မီဒီယာမှတစ်ဆင့် "ဂါနာချိုလောက် ကြိုးစားတဲ့သူမရှိပါဘူး။ အသင်းကိုလည်း အမြဲတမ်းအကူအညီပေးနေပါတယ်။ ပြီးတော့ နောက်ဆုံးဗိုလ်လုပွဲ ၂ ပွဲမှာ ၂ ဂိုးအထိသွင်းပေးထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုပွဲမှာ ၁၉ မိနစ်လောက်ပဲကစားရတာကတော့ ရယ်စရာပါပဲ။ ဟဟဟဟ" လို့ရေးသားမျှဝေခဲ့ပါတယ်။ 

ဂါနာချိုကလည်း နွေရာသီအပြောင်းအရွှေ့ကာလမှာ အိုးလ်ထရက်ဖို့ဒ်ကနေ ထွက်ခွာသွားဖို့ အလားအလာရှိနေကြောင်းကို "ကျွန်‌တော် အသင်းကို ဒီပြိုင်ပွဲရဲ့ အဆင့်တိုင်းလိုလိုမှာ အကူအညီပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲမှာတော့ မိနစ် ၂၀ ပဲကစားခဲ့ရပါတယ်။ ကျွန်တော်နားမလည်တော့ပါဘူး။ လာမယ့်နွေရာသီမှာ ပျော်ပျော်ရွှင်ရွှင်အနားယူသွားမှာဖြစ်ပြီး ဘာတွေဖြစ်လာမလဲ စောင့်ကြည့်ကြတာပေါ့" လို့ပြောကြားခဲ့ပါတယ်။ 

ပွဲမစတင်မီမှာလည်း ဂါနာချိုဟာ ပွဲထွက်ခွင့်မရတဲ့အပေါ် ကျေနပ်ဟန်မရှိဘဲ သွေးပူလေ့ကျင့်ရေးမစတင်ခင်မှာ နားကြပ်နဲ့ သီချင်းနားထောင်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ အစ်ဆွစ်ချ်ကို ၃-၂ နဲ့နိုင်ခဲ့တဲ့ပွဲစဉ်မှာလည်း ဂါနာချိုဟာ လူစားလဲခံခဲ့ရပြီးနောက် မကျေနပ်ကြောင်း ထုတ်ဖော်ပြသခဲ့ပါတယ်။ 

အဆိုပါပွဲစဉ်မှ အပြုအမူကြောင့် နည်းပြအာမိုရင်အနေနဲ့ အာဂျင်တီးနားသားကို ကြီးကြီးမားမားမားအပြစ်မပေးခဲ့ဘဲ အသင်းဖော်တွေကိုသာ ညစာ ဝယ်ကျွေးစေခဲ့ပါတယ်။ ယခုအခါမှာတော့ ယူနိုက်တက်ဟာ ယူရိုပါလိဂ်လက်လွှတ်ခဲ့ရလို နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ ဆုံးရှုံးခဲ့ရတာကြောင့် အသင်းရဲ့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွက အာမိုရင်ကို ထုတ်ပယ်စေလိုကြတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ 

ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း ၈ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးထားပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။ အာမိုရင်ကိုယ်တိုင်ကလည်း အသင်းနေထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်းကို "လောလောဆယ်မှာ ကျွန်တော်ပရိသတ်တွေကို ပြောစရာမရှိပါဘူး။ 

တကယ်လို့ ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေက ကျွန်တော့်ကို အသင်းနဲ့မသင့်တော်တဲ့နည်းပြလို့ခံစားရရင် လျော်ကြေးတွေဘာတွေ တောင်းမနေဘဲ အသင်းကနေ ထွက်ခွာသွားမှာပါ။ ဒါပေမယ့် ကျွန်တော့်ရဲ့အလုပ်တွေကိုတော့ ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ကျွန်တော့်အလုပ်အပေါ်မှာ ကျွန်တော်ယုံကြည်မှုရှိပါတယ်။ ဘာတစ်ခုမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။