
ဒါဝင်နူနက်ဇ်အတွက် လီဗာပူးနဲ့ နှုတ်အားဖြင့် သဘောတူညီမှုရရှိခဲ့တဲ့ အယ်လ်ဟီလယ်
ဒါဝင်နူနက်ဇ်ရဲ့အပြောင်းအရွှေ့အတွက် လီဗာပူးနဲ့ အယ်လ်ဟီလယ်အကြား နှုတ်အားဖြင့် သဘောတူညီခဲ့တယ်လို့ သတင်းတွေအရ သိရှိရပြီး အင်တာမီလန်နည်းပြဟောင်းဆီမြွန်နီအင်ဇာဂီရဲ့ နွေရာသီထိပ်တန်းပစ်မှတ်တွေအနက် တစ်ခုနဲ့ အနည်းငယ်နီးစပ်လာခဲ့ပါတယ်။တိုက်စစ်မှူးအပြောင်းအရွှေ့ကို လွယ်ကူချောမွေ့စေဖို့အတွက် လိုအပ်မယ့်ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို ညှိနှိုင်းခဲ့ကြပြီး အသင်းနှစ်ခုအကြား ဆွေးနွေးမှုတွေက အပေါင်းလက္ခဏာဆောင်ကာ အဆုံးသတ်ခဲ့တယ်လို့ သိရပါတယ်။
အပြောင်းအရွှေ့ဂုရုကြီးရိုမာနိုရဲ့အဆိုအရ အခုအပြောင်းအရွှေ့ကို အကောင်အထည်ဖော်နိုင်ဖို့ အယ်လ်ဟီလယ်နဲ့ ဒါဝင်နူနက်ဇ်အကြား ပုဂ္ဂိုလ်ရေးဆိုင်ရာသဘောတူညီမှုရရှိရန်သာ လိုအပ်တယ်လို့ သိရပါတယ်။ ကစားသမားနဲ့ဆွေးနွေးမှုတွေ ဆက်ရှိနေပြီး အပြောင်းအရွှေ့ကို မကြာမီအကောင်အထည်ဖော်နိုင်မယ်လို့လည်း ပါဝင်ပတ်သက်သူတိုင်းက ယုံကြည်နေကြပါတယ်။
ဒါဝင်နူနက်ဇ်သာ အယ်လ်ဟီလယ်ဆီ ရောက်ရှိလာမယ်ဆိုရင် ဆော်ဒီမြေမှ မီထရိုဗစ်ထွက်ခွာသွားနိုင်တယ်လို့ talkSPORT သတင်းဌာနမှ ဖော်ပြခဲ့ပါတယ်။ အယ်လ်ဟီလယ်ကလည်း အသင်းမှထွက်ခွာလိုနေတဲ့ ဆာဘီးယားတိုက်စစ်မှူးကို အငှား(သို့မဟုတ်)အပြီးသတ်ရောင်းချမှုနဲ့အတူ လက်လွှတ်သွားဖို့ ဆုံးဖြတ်ထားပါတယ်။
၂၀၂၂ ခုနှစ်၊ ဘင်ဖီကာမှရောက်ရှိလာပြီးနောက် ဒါဝင်နူနက်ဇ်က လီဗာပူးအသင်းအတွက် ပြိုင်ပွဲစုံ ၁၄၃ ပွဲပါဝင်ကစားကာ ဂိုး ၄၀ သွင်းယူပေးခဲ့ပါတယ်။ သူက ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ငါးဂိုးသာသွင်းယူနိုင်ပေမယ့် လီဗာပူးအသင်းနဲ့အတူ ချန်ပီယံသရဖူဆောင်းနိုင်ခဲ့ပါတယ်။ ဒါဝင်နူနက်ဇ်ရဲ့ လုပ်အားနှုန်းအပြည့်ကစားဟန်အပေါ် အန်းစလော့ကိုယ်တိုင်ချီးကျူးထားပေမယ့် ပြိုင်ဘက်ဂိုးပေါက်ရှေ့ တည်ငြိမ်တဲ့စွမ်းဆောင်ရည်မရှိမှုကြောင့် ကစားသမားကို ပြန်ဆွဲချသလို ဖြစ်ခဲ့ပါတယ်။