
နူးနက်ဇ်ကို အဓိကပစ်မှတ်အဖြစ်သတ်မှတ်ပြီး ခေါ်ယူဖို့ကြိုးစားလာတဲ့ အယ်လ်ဟီလယ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ကြိုးစားနေပြီး ဥရောပထိပ်တန်းတိုက်စစ်ကြယ်ပွင့်တွေကို စောင့်ကြည့်နေကာ ယခုအခါမှာတော့ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူးနက်ဇ်ကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
The Athletic သတင်းဌာနရဲ့အဆိုအရ အယ်လ်ဟီလယ်ဟာ ဥရောပတိုက်စစ်ကြယ်ပွင့်တွေဖြစ်တဲ့ ဗစ်တာအိုဆီမင်၊ ဘင်ဂျမင်ဆက်ဆခိုနဲ့ အလက်ဇန်းဒါးအီဆက်တို့ကို ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် ခေါ်ယူဖို့ မတတ်နိုင်ခဲ့တာကြောင့် ယခုအခါမှာ နူးနက်ဇ်ကို ဦးစားပေးပစ်မှတ်အဖြစ် ပြောင်းလဲသတ်မှတ်ထားတာဖြစ်တယ်လို့သိရပါတယ်။
သတင်းတွေအရ မကြာမီမှာပဲ ဆော်ဒီကလပ်အနေနဲ့ ဥရုဂွေးလက်ရွေးစင်ကိုခေါ်ယူဖို့ လီဗာပူးနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ တွန်းအားပေးလုပ်ဆောင်လာနိုင်ချေရှိတယ်လို့သိရပါတယ်။ သို့သော်လည်း နူးနက်ဇ်ကို စိတ်ဝင်စားနေတဲ့အသင်းတွေထဲမှာ အယ်လ်ဟီလယ်သာမက စီးရီးအေထိပ်သီးကလပ် အေစီမီလန်ကလည်း ဖြစ်နိုင်ချေရှိတဲ့ ခေါ်ယူမှုအဖြစ် ရှုမြင်ထားတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက နူးနက်ဇ်ဟာ လီဗာပူးအတွက် ပြိုင်ပွဲစုံ ၇ ဂိုးသာသွင်းယူနိုင်ခဲ့တာကြောင့် ယခုနွေရာသီမှာ ရောင်းချခံရဖို့ အတော်လေးဖြစ်နိုင်ချေရှိနေတာကြောင့် မကြာမီမှာပဲ အပြောင်းအရွှေ့တစ်ခုကို မြင်တွေ့သွားရဖို့ အလားအလာရှိနေပါတယ်။ ဒါ့အပြင် ဘင်ဖီကာကြယ်ပွင့်ဟောင်းဟာ အန်ဖီးလ်မှာ ပုံမှန်နေရာရဖို့အတွက်လည်း ရုန်းကန်နေရတာကြောင့် အသင်းမှထွက်ခွာလိုနေတယ်လို့သိရပါတယ်။
နယူးကာဆယ်တိုက်စစ်မှူး အလက်ဇန်းဒါးအီဆက်ကို ခေါ်ယူဖို့အာရုံစိုက်နေတဲ့ လီဗာပူးကတော့ နူးနက်ဇ်ကို တတ်နိုင်သလောက် အမြန်ဆုံးရောင်းချနိုင်ဖို့ စီစဉ်သွားဖွယ်ရှိနေပါတယ်။ ယခုနွေရာသီအတွင်း လီဗာပူးဟာ ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲပြီး ဂျရယ်မီဖရင်မ်ပေါင်၊ ဖလော်ရီယန်ဝစ်ဇ်၊ မီလော့စ်ကာကက်ဇ်နဲ့ အက်ကီတီကီတို့ကိုလည်း ခေါ်ယူထားခဲ့ပြီးဖြစ်ပါတယ်။