The network connection is lost.

Banner Image

လီဗာပူးနဲ့ရင်ဆိုင်ဖို့ အသင့်ဖြစ်အောင် ပြင်နေရလို့ အိပ်တောင်မပျော်ဘူးလို့ ဖွင့်ဟလာတဲ့ ပိုချက်တီနို

လီဗာပူးနဲ့ရင်ဆိုင်ဖို့ ပြင်ဆင်နေချိန် မန်ချက်စတာယူနိုက်တက်နည်းပြပိုချက်တီနို ပထမဆုံးအကြိမ် စကားပြောဆိုလာပါတယ်။

ပွဲစဉ် ၁၀ အပြီးမှာ ပရီးမီးယားလိဂ်တန်းဆင်းဇုန်ဆီ ရောက်ရှိနေတဲ့ ယူနိုက်တက်အတွက် တနင်္ဂနွေနေ့၊ အန်ဖီးလ်ကွင်းပွဲစဉ်မတိုင်ခင် စိတ်ဓါတ်ခွန်အားတွေ ရရှိစေဖို့ ချဲလ်ဆီးနဲ့ တော့တင်ဟမ်နည်းပြဟောင်းကို မျှော်လင့်အားကိုးနေကြပါတယ်။

ပရီးမီးယားလိဂ်ဆီ ဒီအာဂျင်တီးနားလူမျိုးနည်းပြ စိတ်ဝင်စားဖွယ် ပြန်လည်ရောက်ရှိလာချိန် ဗုဒ္ဓဟူးနေ့၊ ကာရင်တန်မှာ စတင်အလုပ်ဝင်ခဲ့ပြီး ကြာသပတေးနေ့မနက်ပိုင်းမှာတော့ ဒရုန်းတစ်စင်း လာရောက်နှောင့်ယှက်ခဲ့တဲ့ ဗွေဆော်ဦးလေ့ကျင့်ရေးအစီအစဉ်ကို စတင်ကိုင်တွယ်ခဲ့ပါတယ်။

၂၀၁၃ ခုနှစ်နောက်ပိုင်း ယာယီနည်းပြတွေအပါအဝင် နည်းပြ ၁၁ ဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့ပြီးနောက် ကျိန်စာသင့်နေသလို ဖြစ်နေတဲ့ ဒီနည်းပြရာထူးကို ကိုင်တွယ်ရမယ့် နောက်ဆုံးနည်းပြက ပိုချက်တီနို ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ပထမဆုံးသတင်းစာရှင်းလင်းပွဲမှာ ဘောလုံးရာသီရဲ့ အကြီးမားဆုံးပွဲစဉ်တွေအနက် တစ်ခုအတွက် ပြင်ဆင်နေရလို့ အနားယူချိန်တောင် မရနိုင်ဘူးလို့ ပိုချက်တီနိုက ပြောပါတယ်။

ပိုချက်တီနိုက "ဒီမှာရှိနေရလို့ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားမိသလို ဒါက အံ့သြဖွယ် ကလပ်တစ်ခုလို့ ထင်ပါတယ်။ ကျွန်တော်တို့ ပျော်ရွှင်ရသလို တစ်ချိန်တည်းမှာပဲ အရမ်း အလုပ်များနေပါတယ်။ လီဗာပူးကိုယှဉ်ပြိုင်နိုင်မယ့် အနေအထားတစ်ခုဆီ ရောက်ဖို့ဆိုတာ အချိန်နဲ့ အပြေးပြိုင်နေရသလိုပါပဲ"

"ကျွန်တော်တို့ လုပ်ကိုင်ရတာကို နှစ်သက်တဲ့ နည်းလမ်း၊ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ အစကနေ ပြန်လည်စတင်တည်ဆောက်သွားမယ်ဆိုတဲ့ စိတ်ကူးနဲ့ ကျွန်တော်တို့ ရောက်လာခဲ့တာပါ။ ကလပ်အသင်းဆီမှ အားပေးကူညီမယ့်သူတွေကိုလည်း ကျွန်တော်တို့ တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့ ကစားသမားတွေကို ပိုကောင်းလာအောင် လုပ်ဆောင်ဖို့နဲ့ ခြေစွမ်းပြနိုင်မယ့် နည်းလမ်းကို ရှာဖွေဖို့ လိုအပ်ပါတယ်။ ကလပ်ရဲ့ကိုယ်ပိုင်လက္ခဏာနဲ့ ရိုးရာယဉ်ကျေးမှုက အရမ်း ရှင်းလင်းပါတယ်။ ဒါက ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေအနက် တစ်ခုအဖြစ် နှစ်ပေါင်းများစွာ ရပ်တည်ခဲ့တဲ့ သမိုင်းဝင်ကလပ်အသင်းကြီးပါ"

"ကျွန်တော့်ရဲ့ပထမဆုံးပစ်မှတ်က အိပ်ရေးဝဝ အိပ်ဖို့ပါပဲ! ဒါပေမဲ့ ကျွန်တော် အိပ်လို့မရပါဘူး။ တစ်နေ့ကို သုံးလေးနာရီလောက်ပဲ အိပ်ရပါတယ်။ အဓိကပန်းတိုင်ကတော့ လူတွေ၊ ဝန်ထမ်းတွေ၊ ကစားသမားတွေနဲ့ ရင်းနှီးကျွမ်းဝင်အောင် လုပ်ဆောင်ဖို့နဲ့ အစကတည်းက ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတစ်ခု ဖန်တီးပေးနိုင်အောင် ကြိုးစားသွားဖို့ပါပဲ" လို့ ပြောပါတယ်။