အင်ဖန်တီနိုရဲ့ နောက်တစ်ကြိမ်ရွေးကောက်ပွဲဝင်မှုအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်ဖို့ လေ့လာစိစစ်ခဲ့တဲ့ အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်
ဖီဖာဥက္ကဋ္ဌအဖြစ် အင်ဖန်တီနို ပြန်လည်အရွေးခံမယ့် ကြိုးပမ်းမှုအပေါ် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ) က လေ့လာဆန်းစစ်ခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။
BBC Sport ရဲ့ဖော်ပြချက်အရ စတုတ္ထမြောက်ဖီဖာဥက္ကဋ္ဌသက်တမ်းအတွက် ဝင်ရောက်အရွေးချယ်ခံမယ့် အင်ဖန်တီနိုရဲ့ အရည်အချင်းပြည့်မီမှုအပေါ် ဥပဒေကြောင်းအရ စိန်ခေါ်တားဆီးဖို့ အက်ဖ်အေ စဉ်းစားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမဲ့ မတ်လမှာ အင်ဖန်တီနို ရွေးကောက်ပွဲဝင်ခွင့် မရရှိအောင် တားဆီးမယ့် ဒီစိန်ခေါ်မှုက အောင်မြင်ဖို့ မလွယ်ကူဘဲ ကျရှုံးနိုင်ခြေများတယ်လို့လည်း သူတို့က ယုံကြည်နေကြပါတယ်။
လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ဖြစ်တဲ့ Fair Square က အင်ဖန်တီနိုရဲ့ ပြန်လည်အရွေးခံမယ့် ကြိုးပမ်းမှုကို ဥပဒေကြောင်းအရ စိန်ခေါ်နိုင်တဲ့ အနေအထားမှာ ရှိနေပြီး ဖီဖာရဲ့ ဥပဒေစည်းမျဉ်းတွေရဲ့ "ရည်ရွယ်ချက်နဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာကို ဆန့်ကျင်နေတယ်"လို့ အက်ဖ်အေဆီ စာရေးသားပေးပို့ခဲ့ပါတယ်။
အခုတော့ အက်ဖ်အေဥက္ကဋ္ဌ ဒက်ဘီဟူးဝစ်တ်က "ဖီဖာဥက္ကဋ္ဌအဖြစ် နောက်ထပ်သက်တမ်းတစ်ခုအတွက် ဝင်ရောက်အရွေးခံမယ့် မစ္စတာအင်ဖန်တီနိုရဲ့ အရည်အချင်းပြည့်မီမှုအပေါ် စိန်ခေါ်နိုင်မယ့် ဖြစ်နိုင်ခြေတွေကို လေ့လာဆန်းစစ်ခဲ့ပေမဲ့ ဒီလိုစိန်ခေါ်မှုက လိုလားတဲ့ ရလဒ်မျိုး ရရှိစေလိမ့်မယ်လို့ မယူဆပါဘူး" လို့ ပြောကြားခဲ့ပါတယ်။
လက်ရှိမှာ အင်ဖန်တီနိုကို ယှဉ်ပြိုင်မယ့် ပြိုင်ဘက်တစ်ဦးတော့ ရှိနေပါတယ်။ သူကတော့ လက်ရှိပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ဒီယာလို ဖြစ်ပြီး ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)ရဲ့ထောက်ခံမှု အပြည့်အ၀ ရရှိထားပါတယ်။