ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမှာ အင်ဖန်တီနိုနဲ့ ယှဉ်ပြိုင်အရွေးခံဖို့ ဖိလစ်ဒီယာလို သဘောတူလက်ခံ
အကြိတ်အနယ် ပြင်းထန်မယ့် ပြိုင်ပွဲတစ်ခုဖြစ်လာဖို့ ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲအတွက် အင်ဖန်တီနိုကို ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဖိလစ်ဒီယာလို ဝင်ရောက်ယှဉ်ပြိုင်သွားပါတော့မယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ပတ်သက်တဲ့ အရှုပ်တော်ပုံကြောင့် ဝေဖန်ခံခဲ့ရတဲ့ အငြင်းပွားဖွယ် နွေရာသီကာလအပြီး လာမယ့်နှစ်ရွေးကောက်ပွဲမှာ အင်ဖန်တီနို ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စက်တင်ဘာလအတွင်း ဖီဖာဘက်က အတည်ပြုခဲ့ပါတယ်။
ဖီဖာနဲ့ ဖီဖာရဲ့ပြိုင်ပွဲတွေဆီ ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုတွေ ခွင့်ပြုမယ့် အဆိုပြုချက်ကို UEFA အဖွဲ့ဝင် ၅၅ နိုင်ငံက တညီတညွတ်တည်း ကန့်ကွက်ခဲ့ကြပါတယ်။
တကယ်လို့ ဒီအဆိုပြုချက်ကို ဆက်လက်အကောင်အထည်ဖော်မယ်ဆိုရင် ကမ္ဘာ့ဖလားအပါအဝင် အနာဂတ် ဖီဖာပြိုင်ပွဲတွေကိုပါ သပိတ်မှောက်သွားမယ်လို့ ဥရောပဘောလုံးခေါင်းဆောင်တွေက ခြိမ်းခြောက်ခဲ့ကြပါတယ်။
အခုတော့ လူအများအပြားရဲ့ဆန့်ကျင်မှုနဲ့ အင်ဖန်တီနို ရင်ဆိုင်နေရပြီး ဥက္ကဋ္ဌအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် ဒီယာလိုကို UEFA က ထောက်ခံအားပေးခဲ့ပါတယ်။
UEFA ရဲ့ ထုတ်ပြန်ချက်မှာ "ဖီဖာရဲ့ ဦးတည်ချက်အပေါ် ပြင်းထန်တဲ့ စိုးရိမ်မှုတွေ ရှိနေချိန်မှာ ကမ္ဘာ့ဘောလုံးအသိုင်းအဝိုင်းအတွင်း စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ကြဖို့ နိုင်ငံအသီးသီးရဲ့ဘောလုံးအဖွဲ့ချုပ်တွေက တောင်းဆိုခဲ့ကြပါတယ်"
"ဒါ့အပြင် ကမ္ဘာ့ဒေသတိုင်းမှာ ဘောလုံးအားကစား ဖွံ့ဖြိုးတိုးတက်ရေးကို အဓိက ဦးစားပေးတာဝန်အဖြစ် သတ်မှတ်တဲ့၊ အမြင့်မားဆုံး စီမံအုပ်ချုပ်မှုစံချိန်စံညွှန်းတွေကို ထိန်းသိမ်းတဲ့၊ အဖွဲ့ဝင်တွေ၊ တိုက်ကြီးများအဖွဲ့ချုပ်တွေနဲ့ ဘောလုံးလောကရဲ့သက်ဆိုင်သူတွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်မယ့် ဖီဖာအဖွဲ့အစည်းတစ်ခု ဖြစ်လာစေဖို့ကိုလည်း သူတို့က တောင်းဆိုခဲ့ကြပါတယ်" လို့ ဖော်ပြထားပါတယ်။
ဒီယာလိုကလည်း စက်တင်ဘာလအတွင်း အင်ဖန်တီနိုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး "ဘောလုံးလောကရဲ့ ပုံရိပ်နဲ့ စည်းလုံးညီညွတ်မှုကို ဆိုးဆိုးရွားရွား ထိခိုက်စေခဲ့သူ" လို့ ပြောဆိုခဲ့ပါတယ်။ ဆက်လက်ပြီး "ကမ္ဘာ့ဖလားကာလနဲ့ ကမ္ဘာ့ဖလားအပြီးမှာ သူ့ရဲ့ လုပ်ဆောင်ချက်တွေက ဘောလုံးလောကရဲ့ပုံရိပ်နဲ့ စည်းလုံးမှုကို ဆိုးဆိုးရွားရွား ပျက်စီးစေခဲ့ပါတယ်။ ဒါကြောင့် ယုံကြည်မှုတွေ ပျက်ပြားသွားပြီလို့ ကျွန်တော်တို့ ယူဆပါတယ်" လို့ ဒီယာလိုက ပြောခဲ့ပါတယ်။
နည်းပြယာဂန်ကလော့ပ်ကလည်း အင်ဖန်တီနိုကို အကျင့်ပျက်ခြစားခဲ့တဲ့ ဖီဖာဥက္ကဋ္ဌဟောင်းဆပ်ဘလက္တာထက်တောင် ပိုဆိုးတယ်လို့ ပြောဆိုခဲ့ပြီး ဒါက ဘောလုံးပရိသတ် အများအပြားရဲ့ခံစားချက်နဲ့လည်း တူညီနေပါတယ်။
နောက်လာမယ့် ဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲကိုတော့ ၂၀၂၇ ခုနှစ်၊ မတ် ၁၈ ရက်၊ မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့ (၇၇) ကြိမ်မြောက် ဖီဖာညီလာခံမှာ ကျင်းပသွားပါမယ်။