အင်ဖန်တီနိုရဲ့အစီအစဉ်အပေါ် UEFA ရဲ့ စုံစမ်းစစ်ဆေးမှုကို တားဆီးပေးရန် ဖီဖာရဲ့ တရားရုံးလျှောက်ထားမှု ရှုံးနိမ့်သွား
Thrive Capital နဲ့ JP Morgan တို့ဆီမှ အချက်အလက်ဖော်ပြချက်စာရွက်စာတမ်းတွေရယူဖို့ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ကြိုးပမ်းနေမှုအပေါ် တားဆီးပေးဖို့ဆိုတဲ့ ဖီဖာရဲ့ဥပဒေကြောင်းအရ ကြိုးပမ်းမှုတွေကို နယူးယောက်အခြေစိုက်တရားရုံးတစ်ခုက ပယ်ချလိုက်ပါတယ်။ ဒီအမိန့်ကိုတော့ ပျက်ပြယ်သွားပြီဖြစ်တဲ့ FIFA Forward Enterprise (FFE) အစီအစဉ်အပေါ် အဓိကအခြေပြုထားပါတယ်။
ဖီဖာဥက္ကဋ္ဌအင်ဖန်တီနို ဦးဆောင်ခဲ့တဲ့ ဒီစီမံကိန်းက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူတွေကို ရှယ်ယာအနည်းစုပိုင်ဆိုင်ခွင့်ပေးခြင်းအားဖြင့် ကမ္ဘာ့ဖလားနဲ့ အခြားသောပြိုင်ပွဲတွေရဲ့ စီးပွားရေးဆိုင်ရာအကျိုးအမြတ်တွေ စီမံခန့်ခွဲဖို့ ရည်ရွယ်ခဲ့ပါတယ်။ တိုက်ကြီးသုံးခုရဲ့ဘောလုံးအဖွဲ့ချုပ်တွေကိုယ်တိုင် ဒီအစီအစဉ်ကို ပယ်ချခဲ့ပြီးနောက် FFE အစီအစဉ်ကို ဖျက်သိမ်းခဲ့ပါတယ်။
UEFA က ဖီဖာပြိုင်ပွဲတွေကို သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်ခဲ့သလို ပြီးခဲ့တဲ့လမှာလည်း FFE စီမံကိန်းအပြင် အင်ဖန်တီနိုရဲ့ဥက္ကဋ္ဌသက်တမ်းအတွင်း ဖြစ်ပေါ်နေတဲ့ ပိုမိုကျယ်ပြန့်တဲ့ စိုးရိမ်မှုတွေနဲ့ပတ်သက်တဲ့ မေးခွန်းများစွာအတွက် အဖြေကို တောင်းဆိုခဲ့ပါတယ်။
ဒီမေးမြန်းစုံစမ်းမှုတွေက ပုဂ္ဂလိကရင်းနှီးမြှုပ်နှံသူများအဖွဲ့ကို ဦးဆောင်ဖို့အတွက် Thrive Capital ဆီ သီးသန့်လုပ်ပိုင်ခွင့်ပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် အဓိကအာရုံစိုက်ထားခဲ့ပါတယ်။ Thrive ကိုတော့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ရဲ့ သမက်ဖြစ်သူရဲ့ ညီ ဂျိုရှူအာကုရှ်နာက တည်ထောင်ခဲ့ပါတယ်။
မအောင်မြင်ခဲ့တဲ့ ၂၀၂၁ ခုနှစ် ဥရောပစူပါလိဂ်စီမံကိန်းမှာ ဘဏ္ဍာရေး ကျောထောက်နောက်ခံအဖြစ် ဆောင်ရွက်ခဲ့ဖူးတဲ့ ဂျေပီမော်ဂန်ကလည်း FFE စီမံကိန်းအတွက် ပူးပေါင်းလုပ်ဆောင်နေတယ်လို့ ဖီဖာဘက်က အတည်ပြုခဲ့ဖူးပါတယ်။
မန်ဟက်တန်မှာ ချမှတ်ခဲ့တဲ့ ကြာသပတေးနေ့ရဲ့ စီရင်ချက်အရ ကြားဝင်ဆောင်ရွက်ပေးဖို့ဆိုတဲ့ ဖီဖာရဲ့လျှောက်ထားချက် ပယ်ချခံခဲ့ရပေမဲ့ စာရွက်စာတမ်းတွေကို တရားဝင်ထုတ်ပေးဖို့အတွက်တော့ နောက်ထပ်တရားရုံးဆုံးဖြတ်ချက်တစ်ခု လိုအပ်ဦးမယ်လို့ သိရပါတယ်။
တရားသူကြီး ဂျန်းနက်တ်ဗာဂတ်စ်က "ဒီလျှောက်ထားမှုရဲ့အကြောင်းအရာမှာ အမေရိကန် အခြေစိုက် ဖီဖာအဖွဲ့အစည်းတွေအတွက် တိုက်ရိုက် ခိုင်လုံပြီး ဥပဒေအရ အကာအကွယ်ပေးနိုင်တဲ့ အကျိုးစီးပွား မရှိဘူးဆိုတာကို တရားရုံးက ဆုံးဖြတ်ပြီးသား ဖြစ်ပါတယ်"
"ဒီဆုံးဖြတ်ချက်အရ ကြားဝင်ဆောင်ရွက်ခွင့် လျှောက်ထားချက်ကို ငြင်းပယ်ဖို့ တရားရုံးရဲ့ ဆင်ခြင်တုံတရား လုပ်ပိုင်ခွင့်ကို အသုံးချလိုက်ပါတယ်" လို့ စီရင်ချက်မှာ ရေးသားခဲ့ပါတယ်။
မှတ်ချက်ပေးဖို့အတွက် ဖီဖာနဲ့ UEFA တို့ဆီ ဆက်သွယ်ထားပါတယ်။
ဒီဆုံးဖြတ်ချက်က စတုတ္ထမြောက်သက်တမ်းအတွက် အင်ဖန်တီနိုကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်မယ့် မတ်လဖီဖာဥက္ကဋ္ဌရွေးကောက်ပွဲမတိုင်ခင် ပေါ်ထွက်လာခဲ့ပါတယ်။
ဂျပန်ဘောလုံးအဖွဲ့ချုပ်(JFA)ရဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ကိုဇိုတာရှီးမားက ဥက္ကဋ္ဌ ရာထူးအတွက် ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကျန်ခဲ့တဲ့သီတင်းပတ်အတွင်း ကြေညာခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ အာဆင်နယ်နည်းပြဟောင်း အာဆင်ဝင်းဂါးကလည်း အင်ဖန်တီနိုကို ရင်ဆိုင်မယ့် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ဖို့ စဉ်းစားနေပါတယ်။
အခြားသူတွေကိုလည်း စိစစ်သုံးသပ်နေတာကြောင့် လောလောဆယ်မှာတော့ ဝင်းဂါးက UEFA ရဲ့ ဦးစားပေးကိုယ်စားလှယ်လောင်းအဖြစ် မသတ်မှတ်ခံရသေးသလို ကာယကံရှင်ကိုယ်တိုင်လည်း ဝင်ရောက်ယှဉ်ပြိုင်မလားဆိုတာကို ဆုံးဖြတ်ချက် မချရသေးဘူးလို့ သိရပါတယ်။
၂၀၁၉ ခုနှစ်ကတည်းက ဖီဖာရဲ့ ကမ္ဘာလုံးဆိုင်ရာဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ပြင်သစ်လူမျိုးဝင်းဂါးသာ ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်မယ်ဆိုရင် သူ့ရဲ့ဂုဏ်သတင်းကျော်ကြားမှုနဲ့ ဖီဖာအုပ်ချုပ်ရေးပိုင်းဆိုင်ရာအတွေ့အကြုံတွေကြောင့် အင်ဖန်တီနိုအတွက် ပြိုင်ဘက်ကောင်း ဖြစ်ပါလိမ့်မယ်။