အရေးပေါ်ဆွေးနွေးမှုအပြီး ဘာရာဒါ၊ ဝီလ်ကော့စ်တို့ကို ထုတ်ပယ်မယ့်ကိစ္စ INEOS ဆုံးဖြတ်ချက်ချ
မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို မိုက်ကယ်ကာရစ် စွန့်လွှတ်ရဖို့ နီးစပ်လာတဲ့ အခြေအနေမှာ အိုမာဘာရာဒါနဲ့ ဂျေဆန်ဝီလ်ကော့စ်တို့အတွက် ဘာဆက်လုပ်ရမလဲဆိုတဲ့ကိစ္စကို INEOS အဖွဲ့ ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီလို့ သတင်းတွေမှာ ဖော်ပြပါတယ်။
နှစ် ၄၀ တာကာလအတွင်း အဆိုးရွားဆုံးလိဂ်ရာသီအဖွင့်မှတ်တမ်း ပေါ်ပေါက်လာပြီးနောက် ကာရစ်ကို ရာထူးမှထုတ်ပယ်ဖို့ မန်ချက်စတာယူနိုက်တက် စီစဉ်ထားတယ်လို့ The Athletic သတင်းဌာနက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။
ယူနိုက်တက်က ပရီးမီးယားလိဂ်ရာသီအဖွင့် ၁၀ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိပြီး ရမှတ် ၈ မှတ်နဲ့အတူ အမှတ်ပေးဇယားအဆင့်-၁၈ (တန်းဆင်းဇုန်အတွင်း)မှာ ရပ်တည်နေပါတယ်။
ကာရစ်က အမှတ်ပေးဇယားတတိယနေရာနဲ့ ရာသီသိမ်းကာ ချန်ပီယံလိဂ်ဝင်ခွင့် ပြန်လည်ရယူပေးခဲ့တဲ့ အလွန်အောင်မြင်တဲ့ ယာယီနည်းပြတာဝန်ယူမှုအချိန်ကာလအပြီး အမြဲတမ်းနည်းပြရာထူးဆီ တက်လှမ်းလာခဲ့ပါတယ်။
ဒီကွင်းလယ်လူဟောင်းက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း ကလပ်အသင်းဆီ INEOS အဖွဲ့ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း ယူနိုက်တက်ရဲ့ တတိယမြောက်အမြဲတမ်းနည်းပြ ဖြစ်လာခဲ့ပါတယ်။
ဒါကြောင့်လည်း ယူနိုက်တက်ပရိသတ်တွေက ကလပ်အသင်းရဲ့အကြီးအကဲပိုင်း ဖြစ်ကြတဲ့ အမှုဆောင်အရာရှိချုပ် ဘာရာဒါနဲ့ ဘောလုံးဒါရိုက်တာ ဝီလ်ကော့စ်တို့ဆီ သူတို့ရဲ့ အာရုံစိုက်မှုတွေကို စတင်လှည့်ပြောင်းလာခဲ့ကြပါတယ်။
The Telegraph သတင်းစာရဲ့ဖော်ပြချက်အရ ဒီပုဂ္ဂိုလ်နှစ်ဦးရဲ့အခုလိုမှတ်တမ်းတွေ ရှိနေပေမဲ့လည်း ဘာရာဒါ သို့မဟုတ် ဝီလ်ကော့စ်တို့နှစ်ဦးအနက် တစ်ဦးဦးကို ရာထူးမှဖယ်ရှားသွားဖို့အတွက် ဆာဂျင်မ်ရက်ကလစ်ဖ်မှာ ဆန္ဒမရှိဘူးလို့ သိရပါတယ်။
လာမယ့် နိုဝင်ဘာ ၂၂ ရက်၊ လီဗာပူးနဲ့ယှဉ်ပြိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ကာရစ်ရဲ့နေရာအစားထိုးမယ့် နည်းပြကို အပြီးသတ်ခန့်အပ်နိုင်ဖို့ မန်ချက်စတာယူနိုက်တက်က မျှော်လင့်ထားပါတယ်။
အက်ဒီဟိုဝီ၊ ကွန်တီနဲ့ နာဂယ်စ်မန်းတို့လို နည်းပြတွေနဲ့ သတင်းတွေထွက်ပေးနေပေမဲ့ ပိုချက်တီနိုကိုတော့ ယူနိုက်တက်နည်းပြသစ်ရာထူးအတွက် ရေပန်းအစားဆုံးသူအဖြစ် မြင်တွေ့နေရပါတယ်။