စိတ်မသက်သာစရာ အင်တာဗျူးတစ်ခုမှာ သူ့ရဲ့အနာဂတ်နဲ့လို့ ပတ်သက်လို့ ပြတ်ပြတ်သားသားတုံ့ပြန်ပြောဆိုလိုက်တဲ့ မိုက်ကယ်ကာရစ်
အက်စတွန်ဗီလာနဲ့ တစ်ဖက်လေးဂိုးစီသရေကျခဲ့တဲ့ သည်းထိတ်ရင်ဖိုပရီးမီးယားလိဂ်ပွဲစဉ်အပြီး မိုက်ကယ်ကာရစ်က သူ့ရဲ့မန်ချက်စတာယူနိုက်တက်နည်းပြအနာဂတ်နဲ့ ပတ်သက်တဲ့ နောက်ဆုံးပေါ်မေးခွန်းတွေကို ခပ်ဆတ်ဆတ် စကားနာထိုးတဲ့ပုံစံမျိုးဖြင့် ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
နှစ်ဖက်အသင်းကစားသမားတွေ ရှစ်ဂိုးအထိ သွင်းယူခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အင်္ဂလန်ကွင်းလယ်ကစားသမားဟောင်းရဲ့ အိုးထရက်ဖို့ဒ်နည်းပြဘ၀အနာဂတ်က ပြင်းထန်တဲ့ ထင်ကြေးပေးမှုလှိုင်းလုံးတွေ၊ စိစစ်စောင့်ကြည့်မှုတွေနဲ့ စိတ်ရှုပ်ထွေးမှုတွေရဲ့ အလယ်ဗဟိုဆီ နောက်တစ်ကြိမ် ထပ်မံရောက်ရှိလာခဲ့ပါတယ်။
ဒုတိယပိုင်းနာကျင်အချိန်ပိုမတိုင်ခင်အထိ ယူနိုက်တက်က ပြိုင်ဘက်အက်စတွန်ဗီလာကို ၂-၄ ဂိုးဖြင့် အရေးနိမ့်နေခဲ့ပြီး နာကျင်အချိန်ပိုမှာ အဖိုးတန်ချေပဂိုးတွေ ပြန်လည်သွင်းယူနိုင်မှုနဲ့အတူ အိမ်ကွင်းပရိသတ်ရှေ့မှောက် ဂုဏ်သိက္ခာမကျဆင်းရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါက ယူနိုက်တက်အမှုဆောင်အရာရှိချုပ်အိုမာဘာရာဒါအတွက် အောင်ပွဲခံစရာဖြစ်ခဲ့ပေမဲ့ နိုင်ငံတကာသီတင်းပတ်အတွင်း ဖြစ်ပေါ်လာနိုင်တဲ့ လက်ရှိအခြေအနေပြန်လည်သုံးသပ်မှုမတိုင်ခင် ကာရစ်ရဲ့နည်းပြရာထူးကိုတော့ အလွန်အမင်းစိုးရိမ်စရာကောင်းနေဆဲ အနေအထားမှာ ကျန်ရှိစေခဲ့ပါတယ်။
ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ် ၁၀ ပွဲမှာ တန်းတက်အစ်ဆွစ်ကို အနိုင်ရခဲ့တဲ့ သြဂုတ်လအိမ်ကွင်းပွဲစဉ်မှလွဲ၍ ကျန်ပွဲစဉ်အားလုံး နိုင်ပွဲပျောက်ဆုံးခဲ့ပြီး ရမှတ် ၈ မှတ်ဖြင့် တန်းဆင်းဇုန်အတွင်း ကျရောက်နေပါတယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီးမှာတော့ သရဲနီတွေအတွက် ခါးသီးပြိုင်ဘက်လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ခက်ခဲတဲ့အန်ဖီးလ်ကွင်းပွဲစဉ်လည်း စောင့်ကြိုနေပါတယ်။
အက်စတွန်ဗီလာနဲ့ သည်းထိတ်ရင်ဖိုပွဲစသ်အပြီး ချက်ချင်းဆိုသလို အနာဂတ်နဲ့ပတ်သက်တဲ့မေးခွန်းတွေကို ကာရစ် မလွဲမသွေ ရင်ဆိုင်လိုက်ရပါတယ်။ Sky Sports နဲ့တွေ့ဆုံတဲ့ စိတ်မသက်မသာဖြစ်စရာ အင်တာဗျူးမှာ ကာရစ်က ပုံမှန်မဟုတ်တဲ့ ခပ်ဆတ်ဆတ် စကားနာထိုးတဲ့ဟန်ပန်မျိုးဖြင့် တုံ့ပြန်ဖြေကြားခဲ့ပါတယ်။
လက်ရှိရာထူးနဲ့ပတ်သက်လို့ "ဆွေးနွေးမှုတစ်ခု သေချာပေါက် ရှိလာတော့မယ်" ဆိုတဲ့ ထင်ကြေးတွေအပေါ် ဘာတွေဖြစ်လာဖို့ မျှော်လင့်ထားသလဲလို့ မေးမြန်းရာမှာ ကာရစ်က "ဟုတ်လို့လား" လို့ ပြန်လည်မေးခွန်းထုတ်ခဲ့ပါတယ်။
ရုပ်သံတင်တက်သူက "တကယ်တော့ အဲဒီလိုပဲ ယူဆရမယ်လေ" လို့ ဆက်ပြောရာမှာ ကာရစ်က အပြုံးတစ်ခုနဲ့အတူ "ခင်ဗျားက အဲဒီလိုပဲ ယူဆတာလား" လို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။
ဆက်လက်ပြီး ထင်မြင်ချက်တောင်းခံရာမှာ ကာရစ်က "ခင်ဗျားကပဲ ကျွန်တော့်ကို ပြောပြနေတာလေ။ ခင်ဗျား ဘယ်လိုထင်လဲ" လို့ ပြန်ပြောခဲ့ပါတယ်။
သူ့ရဲ့သဘောထားအမြင်ကို ထပ်မံမေးမြန်းချိန်မှာတော့ ကာရစ်က "အခြေအနေကို ခင်ဗျား သိပါတယ်။ ကျွန်တော်တို့မှာ လုံလောက်တဲ့နိုင်ပွဲပမာဏမျိုး မရရှိသေးပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့အရာတွေနဲ့အတူ ရှေ့ဆက်သွားဖို့၊ ဒီနေ့ပွဲစဉ်ရဲ့ကောင်းကွက်တွေကို ပြသဖို့၊ အမှားအယွင်းအနည်းငယ်ကို ထိန်းညှိပြင်ဆင်ပြီး ဘောလုံးပွဲစဉ်တွေကို အနိုင်ရရှိအောင် ကစားဖို့ပဲ ကျွန်တော် မျှော်လင့်ထားပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် ယူနိုက်တက်နည်းပြရာထူးမှ ကိုယ်တိုင်နုတ်ထွက်သွားဖို့ ရှိသလားဆိုတဲ့ မေးခွန်းကိုတော့ ကာရစ်က "ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး" လို့ အတည်ပြုပြောဆိုခဲ့ပါတယ်။