အရူဂျိုရဲ့ မာမာထန်ထန်ခံစစ်ကစားပုံကို ပရိသတ်တွေ သဘောကျနေကြတယ်လို့ လီဗာပူးဂန္တဝင်ပြောကြား
မာဆေးဆိုဒ်မြေမှာ အကောင်းဆုံးရာသီစတင်မှုခြေစွမ်းပိုင်းကို ပြသနိုင်ခဲ့ပြီးနောက် အရူဂျိုကို လီဗာပူးဂန္ထဝင်ဟောင်းယန်းမိုလ်ဘီက အခုသီတင်းပတ်အတွင်း ချီးကျူးစကား ဆိုခဲ့ပါတယ်။
ဘာစီလိုနာမှ တစ်ရာသီအငှားစာချုပ်ဖြင့် ရောက်ရှိလာပြီးနောက် ဘောလုံးလုယူမှုတွေမှာ အစွမ်းကုန်ပေးဆပ်ကစားတတ်တဲ့ သူ့ရဲ့စိတ်ဓါတ်ပိုင်းနဲ့ ကလပ်အသင်းအတွက် ချက်ချင်းပြသခဲ့တဲ့ စိတ်အားထက်သန်မှုတို့ကြောင့် အရူဂျိုကို ပရိသတ်တွေ သဘောကျခဲ့ကြသလို လီဗာပူးပရိသတ်တွေရဲ့အချစ်တော်လည်း ဖြစ်လာခဲ့ပါတယ်။
နောက်ဆုံး ၁၂ ပွဲဆက် ပါဝင်ကစားခဲ့ပြီးနောက် ဖီနာဘာချီနဲ့ပွဲစဉ်မှာ အီရာအိုလာက အရူဂျိုကို အနားပေးခဲ့ပြီး အဲ့ဒီပွဲစဉ်မှာတော့ လီဗာပူးခံစစ်ပိုင်းပြိုလဲကာ ၃-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
လာမယ့်နွေရာသီမှာ အရူဂျိုကို ပေါင် ၄၇ သန်းဖြင့် အပြီးသတ်ဝယ်ယူခွင့် လီဗာပူးမှာ ရှိနေပြီး ကလပ်ဂန္တဝင်မိုလ်ဘီက အသက် ၂၇ နှစ်အရွယ်ကစားသမားကို အပြည့်အ၀ ချီးကျူးစကားဆိုခဲ့လို့ အပြီးသတ်အပြောင်းအရွှေ့တန်ဖိုး နည်းပါးသလိုတောင် ဖြစ်နေပြန်ပါတယ်။
မိုလ်ဘီက "ဒီနေ့ခေတ်ဘောလုံးလောကမှာ ခံစစ်ကစားရတာကိုပဲ သဘောကျတဲ့ နောက်ခံလူကို မြင်တွေ့ရတာ အရမ်းရှားပါးတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က ဘောလုံးကိုင်ကစားနိုင်စွမ်းအပေါ် မူတည်ပြီး ကစားသမားကောင်းလို့ ပြောဆိုကြသလို ဘောလုံးပိုင်ဆိုင်မှုနဲ့ ဘောလုံးပေးပို့မှု စာရင်းအင်းကိန်းဂဏန်းတွေကိုပဲ အဓိက ကြည့်ရှုလို့ပါပဲ"
"အခုတော့ ဘာစီလိုနာမှာကစားခဲ့တဲ့ အခိုက်အတန့်တွေကြောင့် ဘောလုံးလောကမှာ အရာအားလုံးနီးပါးတွေ့ကြုံပြီးသား ကစားသမားတစ်ဦးကို ကျွန်တော်တို့ ရရှိထားပါတယ်။ ဒါပေမဲ့ သူက ပထမဆုံးနေ့ကတည်းက နောက်ခံလူတစ်ဦးဖြစ်တယ်ဆိုတာ၊ ခံစစ်ကစားရတာကို သဘောကျတယ်ဆိုတာ လူတွေကို အသိပေးနေသလိုပါပဲ"
"တခြားကစားသမားတွေနဲ့ သူတို့ကစားတဲ့ ပုံစံတွေကြောင့် ပရိသတ်တွေလည်း အရူဂျိုရဲ့ခံစစ်ကစားရမှုအပေါ် သဘောကျနေပုံကို မြင်တွေ့သွားကြတာပါ" လို့ ပြောပါတယ်။
ဒီနွေရာသီမှာ ဗန်ဒိုက်နဲ့ ဂျိုးဂိုးမက်ဇ်တို့ရဲ့စာချုပ်တွေ သက်တမ်းကုန်ဆုံးဖို့ရှိနေလို့ လီဗာပူးခံစစ်တန်းအနာဂတ်အတွက် လီယိုနီ၊ ဂျာကွက်တို့နဲ့အတူ အရူဂျိုကိုလည်း ထည့်သွင်းစဉ်းစားဖို့ ဖြစ်လာနိုင်ပါတယ်။
အာရူဟိုက လီဗာပူးရဲ့ အောက်တိုဘာလအတွက် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပြီး ဒီည၊ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲစဉ်မှာလည်း ခြေစွမ်းပြသနိုင်ဖို့ ကြိုးစားသွားပါလိမ့်မယ်။