နယ်သာလန်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့မှုကြောင့် ဆွီဒင်အသင်း ပိုမိုတိုးတက်လာလိမ့်မယ်လို့ ဖွင့်ဟလာတဲ့ ဂရေဟမ်ပေါ်တာ
စနေနေ့၊ ကမ္ဘာ့ဖလားပွဲစဉ်မှာ နယ်သာလန်အသင်းကို ၅-၁ ဂိုးနဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ရမှုမှတဆင့် ဆွီဒင်အသင်း သင်ခန်းစာရယူပြီး ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ နည်းပြဂရေဟမ်ပေါ်တာက ပြောကြားခဲ့ပါတယ်။
ဆွီဒင်အသင်းက သူတို့ရဲ့ကမ္ဘာ့ဖလားခရီးစဉ်စတင်ချိန်၊ တူနီးရှားအသင်းကို အလားတူဂိုးရလဒ်နဲ့ ဂိုးပြတ်အနိုင်ယူခဲ့ပေမဲ့ ဟူစတန်မြေမှာတော့ ပြိုင်ဘက်နယ်သာလန်ကို ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ပါတယ်။
"ကျွန်တော်တို့တွေ နယ်သာလန်အသင်းကို ဂုဏ်ပြုပေးရပါမယ်။ ကျွန်တော်ပြောခဲ့သလို ဒီပွဲမှတဆင့် အများကြီးလေ့လာသင်ယူသွားနိုင်မယ်လို့ ထင်ပါတယ်" လို့ အင်္ဂလိပ်လူမျိုးနည်းပြဂရေဟမ်ပေါ်တာက ပြောကြားခဲ့ပါတယ်။
"ဂိုးရလဒ်က ကျွန်တော်တို့အပေါ် သက်ရောက်မှုရှိခဲ့ပြီး ကျွန်တော်တို့ရဲ့ကစားပုံက အားနည်းသွားခဲ့ပါတယ်။ ကျွန်တော်တို့ လုပ်ဆောင်ချင်တဲ့အရာတွေအပေါ် ယုံကြည်မှု အပြည့်မရှိခဲ့ပါဘူး"
"ဒါကြောင့် စိတ်ပျက်စရာကိစ္စတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက် သင်ခန်းစာယူစရာအချက် ဖြစ်ခဲ့ပြီး ပိုမိုကောင်းမွန်လာမယ်ဆိုတာ သေချာပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။
နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အခွင့်အရေးကောင်းတွေ ကျန်ရှိနေသေးပေမဲ့ လာမယ့်ပွဲစဉ်မှာ ခြေစွမ်းထက်မြက်တဲ့ ဂျပန်အသင်းနဲ့ ရင်ဆိုင်ရဖို့ရှိနေလို့ အခုပွဲစဉ်ဂိုးပြတ်ရှုံးနိမ့်မှုအပေါ် ပြင်းထန်ရက်စက်လွန်းတယ်လို့ ပေါ်တာက ယုံကြည်နေပါတယ်။
ဆွီဒင်အသင်းက ပွဲချိန်တလျှောက်လုံး ဂိုးကန်သွင်းခွင့်တွေ ရရှိခဲ့ပြီး စုစုပေါင်းဂိုးကန်သွင်းမှု ၂၀ ကြိမ်အနက် ကိုးကြိမ်ကို ဂိုးပေါက်တည့်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ သူတို့ရဲ့ခံစစ်ပိုင်းကတော့ ပွဲစဉ်တစ်လျှောက်လုံးဖရိုဖရဲဖြစ်နေခဲ့ပြီး ဆန်းဒါးလန်းတိုက်စစ်မှူးဘရော့ဘေး၊ လီဗာပူးတိုက်စစ်မှူးဂတ်ပိုတို့ရဲ့အတိုးအလှုပ်တွေကို မထိန်းချုပ်ထားနိုင်ခဲ့ပါဘူး။
ပထမပိုင်းပွဲချိန်အပြီး ၂-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမဲ့ ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ဂိုးကန်သွင်းခွင့်အများအပြားရရှိခဲ့လို့ အသင်းအတွက် အပေါင်းလက္ခဏာဆောင်တဲ့လက္ခဏာတွေကို မြင်တွေ့ခဲ့ရတယ်လို့ ပေါ်တာက ယူဆနေပါတယ်။
"ပထမပိုင်းပွဲချိန်အပြီးတုံ့ပြန်ပုံက တကယ်ကိုကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်း ဖြစ်ခဲ့ပါတယ်" လို့ သူက ဆိုပါတယ်။
"ဒါပေမဲ့ ကံမကောင်းစွာနဲ့ဘဲ အဓိကပြဿနာရပ်အဖြစ် ကျွန်တော်တို့တွေ ပြိုင်ဘက်ဆီ ဂိုးတွေ ထပ်ပေးလိုက်ရပါတယ်"
"ဒါကြောင့် ဂိုးရလဒ်က ကျွန်တော်တို့အပေါ် နည်းနည်းပြင်းထန်ရက်စက်လွန်းတယ်လို့ ထင်ပါတယ်။ ဒါက ကျွန်တော်တို့ နိုင်သင့်တယ်လို့ ပြောတာ မဟုတ်ပါဘူး"
"နယ်သာလန်က အကောင်းဆုံးကစားခဲ့ပြီး အနိုင်ရလဒ်နဲ့ ထိုက်တန်ပါတယ်"
"ဒါပေမဲ့ ကျွန်တော်တို့က အပြုသဘောဆောင်တဲ့အချက်တွေကို ရယူဖို့ လိုအပ်ပြီး ပိုမိုကောင်းမွန်အောင် လုပ်ဆောင်နိုင်မယ့်အရာတွေအတွက် သင်ခန်းစာယူသွားရပါမယ်" လို့ သူက ဆိုပါတယ်။