The network connection is lost.

Banner Image

နောက်ဆုံးနှုတ်ဆက်ပွဲစဉ်မတိုင်ခင် မက်ဆီအတွက် စိတ်လှုပ်ရှားဖွယ် သတင်းစကားပါးလာတဲ့ စကာလိုနီ

နိုင်ငံ့လက်ရွေးစင်အသင်းအတွက် နောက်ဆုံးအကြိမ်ကိုယ်စားပြုကစားပေမယ့် မက်ဆီအတွက် အာဂျင်တီးနားနည်းပြစကာလိုနီက သတင်းစကားတစ်ခု ပေးပို့လိုက်ပါတယ်။

မိုနူမန်တယ်ကွင်းမှာ ဘီနင်နဲ့ရင်ဆိုင်ကစားရမယ့် ပွဲစဉ်အတွင်း မက်ဆီက အိမ်ရှင်ပရိသတ်ရှေ့မှောက် စိတ်လှုပ်ရှားဖွယ်နှုတ်ဆက်နိုင်ဖို့ ပြင်ဆင်နေပါတယ်။

ဘာစီလိုနာနဲ့ ပီအက်စ်ဂျီကြယ်ပွင့်ဟောင်းက အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၇ ပွဲကစား၊ ၁၂၅ ဂိုးသွင်းယူပြီး ကိုပါအမေရိကဖလား နှစ်ကြိမ်၊ ကမ္ဘာ့ဖလား တစ်ကြိမ်နဲ့ Finalissima ဖလား တစ်ကြိမ် ဆွတ်ခူးပေးခဲ့ပါတယ်။ ဒါကြောင့် သူက ဘယ်တော့မှ မေ့ပျောက်နိုင်စရာမရှိတဲ့ အမွေအနှစ်တစ်ခုကို ချန်ထားရင်း အသင်းမှ နှုတ်ဆက်ထွက်ခွာသွားပါတော့မယ်။

အာဂျင်တီးနားအသင်းကို ဗိုလ်လုပွဲအထိ တက်ရောက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပေမဲ့ စပိန်ကို ပွတ်ကာသီကာရှုံးနိမ့်ခဲ့တဲ့ ရင်ကွဲပက်လက် ၂၀၂၆ ကမ္ဘာ့ဖလားခရီးစဉ်အပြီး နိုင်ငံ့လက်ရွေးစင်ကစားသမားဘ၀ကို စွန့်လွှတ်တော့မယ်လို့ မက်ဆီကိုယ်တိုင် ကြေညာခဲ့ပါတယ်။

ဘီနင်နဲ့ရင်ဆိုင်ရမယ့် မက်ဆီရဲ့နောက်ဆုံးပွဲစဉ်မတိုင်ခင် စကာလိုနီက နောက်ထပ်အဓိကပြိုင်ပွဲကြီးတစ်ရပ်မတိုင်ခင် မက်ဆီရဲ့နေရာ အစားထိုးမယ့်သူကို ရှာဖွေသွားရဖို့ရှိနေလို့ သူ့ကို အလွန်လွမ်းဆွတ်နေကြရတော့မယ်လို့ ဝန်ခံခဲ့ပါတယ်။

စကာလိုနီက "မက်ဆီက ဘာနဲ့မှနှိုင်းယှဉ်လို့မရတဲ့ အရာတစ်ခုကို ချန်ရစ်ထားခဲ့ပါတယ်။ ကျွန်တော်တို့ ရှေ့ဆက်သွားရဖို့ရှိပေမဲ့ သူ့ကို ကွင်းတွင်းမှာ ပိုင်ဆိုင်ထားရတဲ့ ခံစားချက်က တမူထူးခြားပါတယ်။ ဘောလုံးကွင်းထဲမှာ သူပြသသွားခဲ့တဲ့ အရာမျိုးကို တခြားဘယ်သူ့ဆီမှာမှ ကျွန်တော်မမြင်တွေ့ခဲ့ဖူးသလို အဲဒါကိုပဲ ကျွန်တော်တို့ လွမ်းဆွတ်နေရပါတော့မယ်"

"သူမရှိတော့တဲ့နောက်ပိုင်းမှာတော့ လွမ်းဆွတ်တမ်းတမှုတွေသာ ကျန်ရစ်ခဲ့ပါတော့တယ်။ သူက မယုံနိုင်စရာကောင်းလောက်တဲ့ စံပြပုဂ္ဂိုလ်တစ်ဦးပါ။ အစောဆုံး ရောက်လာတယ်၊ နောက်အကျဆုံး ပြန်တယ်၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုဂရုစိုက်သလဲ၊ ပွဲတိုင်းကို ဘယ်လို ရင်ဆိုင်သလဲဆိုတာတွေမှာ စံပြပါပဲ"

"သူ ကစားတဲ့ပုံစံကို ကြည့်ရုံနဲ့တင် သူက ထူးခြားဆန်းကြယ်တဲ့ ပါရမီရှင်တစ်ဦး ဖြစ်တယ်ဆိုတာကို မြင်တွေ့နိုင်ပေမဲ့ သူ့ရဲ့အသင်းဖော်တွေသာ တွေ့မြင်နိုင်တဲ့ နောက်ကွယ်အကြောင်းအရာတွေလည်း ရှိနေပြီး သူက အကောင်းဆုံး စံနမူနာပြပုဂ္ဂိုလ်ပါပဲ။ သူက နှိုင်းယှဉ်လို့ မရတဲ့ အရာတစ်ခုကို ချန်ထားခဲ့ပါပြီ သို့မဟုတ် နောက်ထပ်တစ်ပွဲ ကျန်သေးတာကြောင့် ချန်ထားရစ်ပါတော့မယ်" လို့ ဆိုပါတယ်။

ကမ္ဘာ့ဖလားအပြီး နိုင်ငံတကာကစားသမားဘဝ အနားယူမယ်လို့ ကြေညာခဲ့တဲ့ အော်တာမန်ဒီကိုလည်း အင်္ဂါနေ့ပွဲစဉ်အတွက် လူစာရင်းမှာ ထည့်သွင်းထားပါတယ်။ သမိုင်းဝင်ပွဲစဉ်အတွက် အနိုင်ရလဒ်ဖန်တီးဖို့ ကြိုးစားချိန် အာဂျင်တီနားရဲ့ဗဟိုခံစစ်ပိုင်းမှာ အော်တာမန်ဒီက ရိုမဲရိုးနဲ့တွဲဖက်ကာ ပွဲထွက်လာဖွယ် ရှိပါတယ်။