ချဲလ်ဆီးကို ပင်နယ်တီဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အတွက် လီဗာပူးလူငယ်ကစားသမားတွေကို အီရာအိုလာ ချီးကျူး
ချဲလ်ဆီးကို ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကာရာဘောင်းဖလားပွဲစဉ်အပြီး လီဗာပူးနည်းပြအီရာအိုလာက သူ့အသင်းမှာပါဝင်ကစားတဲ့ လူငယ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကို အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
အန်းဖီးလ်ကွင်းမှာ အလွန်ဆိုရဲ့ချဲလ်ဆီးကို အနိုင်ယူပြီး ကာရာဘောင်းဖလားပြိုင်ပွဲနောက်တစ်ဆင့်ဆီ တက်လှမ်းနိုင်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးအတွက် အကယ်ဒမီထွက်လူငယ်ကစားသမား ၄ ဦးအထိ ပွဲထွက်ပါဝင်ကစားခဲ့ပါတယ်။
ပွဲချိန်မိနစ် ၄၀ မှာ ရိုဂျာစ်ရဲ့ပင်နယ်တီသွင်းဂိုးနဲ့အတူ ဧည့်သည်တို့ ဦးဆောင်နိုင်ခဲ့ပေမဲ့ သိပ်မကြာခင်မှာပဲ လီဗာပူးအတွက် ချေပဂိုးကို ပင်နယ်တီမှတဆင့် ဂတ်ပိုက သွင်းယူခဲ့ပါတယ်။
သာမန်ပွဲကစားချိန်အပြီး အနိုင်အရှုံးအဖြေမပေါ်လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ချဲလ်ဆီးအတွက် အဆုံးအဖြတ်ပင်နယ်တီကို ဝီစလေဖိုဖာနာ လွဲချော်ခဲ့ပါတယ်။
ကွာတားဖိုင်နယ်မှာတော့ လီဗာပူးက အီရာအိုလာရဲ့ကလပ်အသင်းဟောင်းဖြစ်တဲ့ ဘုန်းမောက်နဲ့ ပြန်လည်ရင်ဆိုင်သွားရပါလိမ့်မယ်။
ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အီရာအိုလာက သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရခဲ့သလို လီဗာပူးရဲ့လူငယ်ကစားသမားတွေကိုလည်း အထူးချီးကျူးဂုဏ်ပြုခဲ့ပါတယ်။
လီဗာပူးနည်းပြက "အကြိတ်အနယ်ရှိပြီး လက်ရည်ညီတဲ့ ပွဲစဉ်တစ်ခုပါ။ နှစ်သင်းလုံးအတွက် အခွင့်အရေးတွေ အများကြီးမရှိခဲ့ပါဘူး။ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်အပေါ် ကျွန်တော်တို့ တကယ်ကို ဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။
လူငယ်ကစားသမားတွေ ပါဝင်ကစားခဲ့မှုနဲ့ ပတ်သက်ပြီး အီရာအိုလာ "တော့တင်ဟမ်နဲ့ ပထမအဆင့်ပွဲစဉ်မှာ သူတို့ အရမ်းကောင်းခဲ့ကြသလို တကယ့်ကို ထူးချွန်တဲ့ ကစားသမားတွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ယုံကြည်မှုရှိသလို သူတို့ကိုယ်တိုင်လည်း အလွန်ကောင်းမွန်တဲ့ အဆင့်အတန်းတစ်ခုမှာ ရှိနေတယ်ဆိုတာ ပြသနိုင်ခဲ့ကြပါတယ်။ သူတို့က ကျွန်တော်တို့ကို အများကြီးကူညီပေးခဲ့ပါတယ်"
"အာရုံစူးစိုက်မှုအဆင့်အတန်းနဲ့ ပွဲအပေါ်ထိန်းချုပ်နိုင်စွမ်းတွေကို ဆက်လက်ထိန်းထားရပါမယ်။ မာမာဒါရှီဗီလီလည်း ပြိုင်ဘက်ရဲ့ကန်ချက်တွေကို ကာကွယ်ရာမှာ အများကြီးတိုးတက်လာပါတယ်"
"အိမ်ကွင်းသုံးပွဲဆက်ရလဒ်ကောင်းဖို့ဆိုတာ အလွန်အရေးကြီးပါတယ်။ ပရီးမီးယားလိဂ်အိမ်ကွင်းပွဲစဉ်တွေမှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမဲ့ အခုတော့ လာမယ့်တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ရင်ဆိုင်သွားရပါတော့မယ်" လို့ ဆိုပါတယ်။