The network connection is lost.

Banner Image

သတိလစ်လဲကျသွားခဲ့ပြီးနောက် သီတင်းပတ်ပေါင်းများစွာ အနားယူရဖို့ရှိနေတဲ့ ဘိုင်ယန်မြူးနစ်နည်းပြကွန်ပနီ

ဘိုင်ယန်မြူးနစ်နည်းပြဗင်းဆင့်ကွန်ပနီက သတိလစ်လဲကျခဲ့တဲ့ အခြေအနေမှ ပြန်လည်သက်သာလာစေဖို့အတွက် သီတင်းပတ်ပေါင်းများစွာ အနားယူသွားရနိုင်ပါတယ်။

မကြာသေးမီရက်ပိုင်းအတွင်းက ဗိုင်းရပ်စ်ပိုးကူးစက်မှုဒဏ်ကို ခံစားနေခဲ့ရတဲ့ ကွန်ပနီက အသင်းကို လေ့ကျင့်ပေးနေချိန် နေထိုင်မကောင်း ဖြစ်လာခဲ့ပြီး ဘိုင်ယန်မြူးနစ်အရန်အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်မှာ သတိလစ်လဲကျသွားခဲ့လို့ ဆေးရုံဆီ အရေးပေါ် ပို့ဆောင်ခဲ့ရပါတယ်။

ဘိုင်ယန်မြူးနစ်က အခုသီတင်းပတ်ကုန်ပိုင်းမှာ ဖရိုင်းဘတ်ရဲ့ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ရဖို့ရှိနေပြီး မန်စီးတီးနောက်ခံလူဟောင်းကတော့ ဆေးကုသမှုခံယူဖို့အတွက် ဒီပွဲစဉ်ကို လွဲချော်သွားပါလိမ့်မယ်။

သူ့ရဲ့ကျန်းမာရေးအခြေအနေနဲ့ပတ်သက်ပြီး ဘိုင်ယန်မြူးနစ်ဒါရိုက်တာမက်စ်အီဘရယ်လ်က ကွင်းဘေးစည်းဆီ ပြန်လည်ရောက်ရှိလာဖို့ သီတင်းပတ်အနည်းငယ်ကြာမြင့်နိုင်တယ်လို့ ဖွင့်ဟခဲ့ပြီး "သတင်းကောင်းကတော့ သူ့ရဲ့ အခြေအနေက တည်ငြိမ်နေပါပြီ။ ဒါ ကျွန်တော်တို့အားလုံးအတွက် တကယ့်ကို ခက်ခဲတဲ့ အခိုက်အတန့်တစ်ခု ဖြစ်ခဲ့ပါတယ်"

"သူ မနေ့တုန်းက ကွင်းထဲမှာ သတိလစ်လဲကျသွားခဲ့ပြီး အခုတော့ ဆေးရုံ ရောက်နေပါပြီ။ ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာ အတိအကျသိရှိနိုင်ဖို့၊ လိုအပ်တဲ့စစ်ဆေးမှုတွေ ပြုလုပ်ဖို့နဲ့ အရာအားလုံးကို သေချာစစ်ဆေးနိုင်ဖို့အတွက် ဆေးရုံမှာ နောက်ထပ်ရက်အနည်းငယ် ဆက်နေသွားရပါလိမ့်မယ်"

"ဒါက ဘဝမှာ ဘောလုံးက အရေးအကြီးဆုံးအရာ မဟုတ်ဘူးဆိုတာကို နောက်တစ်ကြိမ် ထပ်မံပြသလိုက်တာပါပဲ။ အရေးအကြီးဆုံးက ကျန်းမာရေးပါပဲ။ ကျွန်တော်တို့အားလုံး ကွန်ပနီ အမြန်ဆုံးပြန်လည်သက်သာလာစေဖို့ ဆုတောင်းပေးနေကြပါတယ်" လို့ ပြောပါတယ်။

ကွန်ပနီ ပြန်လာနိုင်ဖို့ "သီတင်းပတ်ပေါင်းများစွာ" ကြာမြင့်နိုင်တယ်လို့လည်း အီဘရယ်လ်က ပြောကြားခဲ့ပြီး လာမယ့်လအတွင်း ဒေါ့မွန်၊ အက်သလက်တီကိုမက်ဒရစ်တို့လို ပြိုင်ဘက်ကောင်းတွေနဲ့ ရင်ဆိုင်ရတော့မယ့် ဘွန်ဒက်စ်လီဂါဘီလူးကြီးအတွက် စိုးရိမ်စရာ အခြေအနေတစ်ခု ဖြစ်လာပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပေါ်တဲ့ ခြေထောက်နာကျင်မှု ဝေဒနာကို ကွန်ပနီ ခံစားနေခဲ့ရပြီး လိုက်ပ်ဇစ်ကို အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ ရောဂါလက္ခဏာတွေ စတင်ပြသခဲ့တယ်လို့ The Sun သတင်းစာမှာ ဖော်ပြပါတယ်။

ကွန်ပနီက ၂၀၂၄ ခုနှစ်၊ မေလကတည်းက ဘိုင်ယန်မြူးနစ်ကို စတင်တာဝန်ယူခဲ့ပြီး အသင်းကို ကိုင်တွယ်ခဲ့ချိန် ၁၂၂ ပွဲမှာ နိုင်ပွဲ ၉၁ ပွဲ၊ သရေ ၁၉ ပွဲနဲ့ ရှုံးပွဲ ၁၂ ပွဲ ရှိထားပါတယ်။