The network connection is lost.

Banner Image

ဘုန်းမောက်ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်မှာ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ မရေမရာ ဖြစ်နေတဲ့ ကာရစ်

ဘုန်းမောက်ကို ၀-၃ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး မန်ချက်စတာယူနိုက်တက်နည်းပြအဖြစ် အနာဂတ်မရေမရာလာခဲ့သလို အသင်းအတွက် ကောင်းဆုံးဖြစ်မယ့် အရာကို လုပ်ဆောင်သွားမယ်လို့ မိုက်ကယ်ကာရစ်က ပြောကြားလိုက်ပါတယ်။

ပြိုင်ပွဲစုံရှစ်ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီးနောက် အင်္ဂလန်ချန်ပီယံဆု ၂၀ ကြိမ်အထိ ဆွတ်ခူးထားနိုင်တဲ့ အသင်းကြီးက အိုးထရက်ဖို့ဒ်မှာ အထိနာခဲ့တဲ့ ရှုံးနိမ့်မှုကြောင့် တန်းဆင်းဇုန်နဲ့ တစ်မှတ်အကွာအထိ ကျဆင်းသွားပါတယ်။

Sky Sports သတင်းဌာနနဲ့တွေ့ဆုံချိန် ကာရစ်က "ဒါ ခက်ခဲတဲ့ အခြေအနေတစ်ခုပါ။ နောက်ထပ်ဘာဆက်ဖြစ်မလဲဆိုတာ ကျွန်တော် မသိပါဘူး"

"ဒီဘောလုံးကလပ်အတွက် အကောင်းဆုံးဖြစ်မယ့် အရာကို ကျွန်တော် အမြဲတမ်း လုပ်ဆောင်သွားပါမယ်။ ဒါကို အရင်ကတည်းက ကျွန်တော် ပြောခဲ့ပြီးသားဖြစ်သလို အခုလည်း မပြောင်းလဲသွားပါဘူး။ ကျွန်တော် လုပ်နေတဲ့ အလုပ်ကို ချစ်မြတ်နိုးတယ်၊ တာဝန်ယူရတာကို နှစ်သက်တယ်၊ ဒါပေမဲ့ ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ စောင့်ကြည့်ရပါလိမ့်မယ်" လို့ ပြောပါတယ်။

ရလဒ်တွေ ဆိုးရွားနေပေမဲ့လည်း ပွဲပြီးဆုံးချိန်၊ ကွင်းတွင်းမှ ထွက်ခွာလာတဲ့ ကာရစ်ကို ယူနိုက်တက်ပရိသတ်တွေ အားပေးထောက်ခံခဲ့ကြပြီး ကလပ်အသင်းကစားသမားတွေကိုတော့ ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။

ကာရစ်က "လက်ရှိ ကျွန်တော်တို့ရောက်ရှိနေတဲ့ အခိုက်အတန့်မှာ ပရိသတ်တွေနဲ့ အခုလို ရင်းနှီးဆက်နွှယ်နေမှုက ခံစားချက်တွေကို ရောထွေးစေပါတယ်။ ဒါကို သေချာနားလည်သဘောပေါက်ဖို့အတွက် ကျွန်တော်လည်း အချိန်ယူရပါလိမ့်မယ်" 

"သူတို့ရဲ့အားပေးထောက်ခံမှုကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ လက်ရှိအခြေအနေကတော့မြင်တဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ လုံလောက်တဲ့ခြေစွမ်းမျိုး မပြသနိုင်ခဲ့ကြပါဘူး" လို့ ဆက်ပြောခဲ့ပါတယ်။

အသင်းခေါင်းဆောင်ဘရူနိုဖာနန်ဒက်စ်ကို အရန်ခုံမှာ ထိုင်ခိုင်းခဲ့ပြီး လူစားလဲကစားသမားအဖြစ်တောင် မထည့်သွင်းခဲ့တဲ့ ကာရစ်ရဲ့ဆုံးဖြတ်ချက်က သူ့အတွက် အဆိုးဘက်ဆီ ဦးတည်သွားစေခဲ့ပါတယ်။

ပြီးခဲ့တဲ့ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင် ဖာနန်ဒက်စ်က ကိုမိုကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်အပြီး ကာရစ်ရဲ့နည်းဗျူဟာပိုင်းအပေါ် ဝေဖန်ပြောဆိုခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ် မပါဝင်လာတဲ့ အကြောင်းအရင်းနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ရှောင်လွှဲရင်း ကာရစ်က "ပွဲချိန်တွေအတွင်းမှာ ပွဲရဲ့အလှည့်အပြောင်းနဲ့ ခြားနားချက်တစ်ခု ဖန်တီးဖို့ ကြိုးစားရတဲ့ အချိန်တွေ အမြဲတမ်းရှိတတ်ပါတယ်" 

"ဒါတွေက ဒီနေ့မှာ ကျွန်တော်တို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေပါပဲ" လို့ ပြောပါတယ်။