The network connection is lost.

Banner Image

ဘာစီလိုနာဆီ ပြောင်းရွှေ့မယ့်ကိစ္စ ပျက်ပြားသွားပြီးနောက် အေးဂျင့်အသစ်ခန့်အပ်ဖို့ စဉ်းစားနေတဲ့ အယ်လ်ဗာရက်ဇ်

အက်သလက်တီကိုမက်ဒရစ်မှ ဘာစီလိုနာဆီ ပြောင်းရွှေ့မယ့် အခုနွေရာသီအစီအစဉ် ပျက်ပြားသွားပြီးနောက် ဂျူလီယန်အယ်လ်ဗာရက်ဇ်က သူ့အတွက် အေးဂျင့်တစ်ဦး ရှာဖွေခန့်အပ်ဖို့ စဉ်းစားနေပါတယ်။

AS သတင်းစာရဲ့ဖော်ပြချက်အရ ဖာနန်ဒိုဟီဒယ်လ်ဂိုနဲ့ ကာလရှည်လက်တွဲမှုကို အဆုံးသတ်ပြီးနောက် သီတင်းပတ်ပေါင်းများစွာ ဒီအာဂျင်တီးနားလက်ရွေးစင်ကစားသမားမှာ တရားဝင်ကိုယ်စားလှယ်မရှိဘဲ ဖြစ်နေတယ်လို့ သိရပါတယ်။

ဟီဒယ်လ်ဂိုက ရေးဗားပလိတ်မှ မန်စီးတီးဆီ၊ နောက် အက်သလက်တီကိုမက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့တဲ့ အယ်လ်ဗာရက်ဇ်ရဲ့ကစားသမားဘ၀ကို ဆယ်စုနှစ်တစ်ခုနီးပါးကြာ စီမံခန့်ခွဲပေးခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ်ကစားသမားရဲ့ဖခင်ဖြစ်သူ ဂူစတာဗိုအယ်လ်ဗာရက်ဇ်ကတော့ သူ့သားအတွက် နေက်ထပ်ကိုယ်စားလှယ်သစ်ရွေးချယ်ရေးလုပ်ငန်းစဉ်မှာ ဦးဆောင်ပါဝင်နေတယ်လို့လည်း သိရပါတယ်။

ပီအက်စ်ဂျီကွင်းလယ်လူဟောင်းဂျာဗီယာပါစတိုရေးနဲ့ ချိတ်ဆက်ထားတဲ့ အာဂျင်တီးနား အေဂျင်စီတစ်ခုက အက်သလက်တီကိုမက်ဒရစ်ကြယ်ပွင့်ရဲ့ နောက်ထပ်ကိုယ်စားလှယ်သစ် ဖြစ်လာဖို့ ရေပန်းစားနေပြီး နှစ်ဖက်ဆွေးနွေးမှုတွေ အောင်မြင်ကာ အပြီးသတ်သဘောတူညီမှုရရှိဖို့သာ ကျန်ရှိပါတော့တယ်။

ပါစတိုရေးက ကစားသမားဘဝအနားယူပြီးနောက် ဘောလုံးအေးဂျင့်လုပ်ငန်းဆီ ထဲထဲဝင်ဝင်ပါဝင်လာခဲ့ပြီး လတ်တလောမှာလည်း အာဂျင်တီးနားကွင်းလယ်လူ အန်ဇိုဖာနန်ဒက်ဇ်နဲ့ လက်တွဲလုပ်ကိုင်နေပါတယ်။

၂၀၂၄ ခုနှစ်၊ မန်စီးတီးမှ ပြောင်းရွှေ့လာခဲ့ပြီးနောက် အယ်လ်ဗာရက်ဇ်က ၂၀၃၀ ပြည့်နှစ်၊ ဇွန်လအထိ အက်သလက်တီကိုမက်ဒရစ်နဲ့ စာချုပ်သက်တမ်း ရှိနေပါတယ်။

သူက အက်သလက်တီကိုမက်ဒရစ်ရဲ့လာလီဂါရာသီအဖွင့်ပွဲစဉ် ၇ ခုနဲ့ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်တွေမှာ ပါဝင်ကစားခဲ့ပေမဲ့ သွင်းဂိုးမရရှိခဲ့ပါဘူး။ ဒါပေမဲ့ လတ်တလော အာဂျင်တီးနားအသင်းအတွက် ပါဝင်ကစားပေးချိန်မှာတော့ အယ်လ်ဗာရက်ဇ် ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။