The network connection is lost.

Banner Image

အာဆင်နယ်ကို ချန်ပီယံလိဂ်အောင်မြင်မှုဆီ ခေါ်ဆောင်ပေးသွားနိုင်ဖို့ စိတ်အားထက်သန်နေတဲ့ အာတီတာ

အာဆင်နယ်နည်းပြအာတီတာက ယမန်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့မှုကြောင့် အခုဘောလုံးရာသီ၊ သူ့ရဲ့အသင်းအတွက် တွန်းအား ဖြစ်လာတယ်လို့ ပြောကြားခဲ့ဖို့ ဒီစိတ်နှလုံးမချမ်းမြေ့စရာအခိုက်အတန့်ကို မေ့ဖျောက်ပစ်ဖို့ ကြိုးစားပေမဲ့ မအောင်မြင်ခဲ့ဘူးလို့ ဝန်ခံခဲ့ပါတယ်။

အာဆင်နယ်က ဒီညမှာ သူတို့နဲ့အပြိုင် ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးဖြစ်တဲ့ အသင်းတွေအနက် တစ်ခုဖြစ်တဲ့ ဘိုင်ယန်မြူးနစ်ရဲ့အိမ်ကွင်းဆီ သွားရောက်ယှဉ်ပြိုင်ကစားရပါမယ်။

ပြီးခဲ့တဲ့မေလအတွင်း ဘူဒါပတ်စ်ဗိုလ်လုပွဲမှာ လက်ရှိချန်ပီယံပီအက်စ်ဂျီကို အာတီတာရဲ့ အသင်းက ဦးဆောင်ဂိုး စတင်ရယူနိုင်ခဲ့ပေမဲ့ ဒုတိယပိုင်းမှာ ချေပဂိုး ပြန်ပေးလိုက်ရပြီးနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူချိန် ရှုံးနိမ့်သွားခဲ့ပါတယ်။

ဒီရှုံးနိမ့်မှုကို သူ့ရဲ့အသင်း မေ့ဖျောက်ပစ်လိုက်ပြီလားဆိုတဲ့ မေးခွန်းကို အာတီတာက "ကျွန်တော် မေ့ဖျောက်နိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး" လို့ အင်္ဂါနေ့မှာ သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

"ဒါ လက်တွေ့အရှိတရားပါပဲ။ ဒါကြောင့် နွေရာသီမှာ သီတင်းပတ်ပေါင်းများစွာ ကျွန်တော် ကြိုးစားခဲ့ပေမဲ့ ဒီနေ့အချိန်အထိ ဘောလုံးကို မြင်လိုက်ရချိန်၊ ချန်ပီယံလိဂ်တေးသွားကို ကြားလိုက်ရချိန်၊ အဲ့ဒီမြင်ကွင်းတွေကို မြင်တွေ့လိုက်ရချိန်တိုင်းမှာ ဒီဆုဖလားကို အရမ်းလိုချင်မိနေဆဲ ဖြစ်ပါတယ်"

"ကျွန်တော်တို့ တစ်ဆင့်ပြီးတစ်ဆင့် သွားရမယ်ဆိုတာ သိထားပေမဲ့ အဲဒီအရာကပဲ အသင်းရော၊ ကျွန်တော်တို့ တစ်ဦးချင်းစီတိုင်းကိုပါ စိတ်ဓာတ်တွေ ပိုမိုတက်ကြွစေခဲ့တယ်လို့ ထင်ပါတယ်။ ဘာကြောင့်လို့လဲဆိုတော့ ပင်နယ်တီတစ်ခုကြောင့်သာ ကျွန်တော်တို့ ဥရောပချန်ပီယံမဖြစ်ခဲ့ရတာကို သိနေကြလို့ပါပဲ"

"ဒါကြောင့် ဟုတ်ပါတယ်၊ ကျွန်တော်တို့ နောက်တစ်ကြိမ် ထပ်ကြိုးစားကြတာပေါ့" လို့ ဆိုပါတယ်။

အင်္ဂလန်ချန်ပီယံအာဆင်နယ်က အခုဘောလုံးရာသီအစ၊ ပြိုင်ပွဲစုံ ၁၁ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ရရှိထားပြီး အင်အားလျော့နည်းနေတဲ့ ဘိုင်ယန်မြူးနစ်နဲ့ ရင်ဆိုင်သွားရပါတော့မယ်။

ပွဲပယ်ခံထားရတဲ့ အိုလီစီ၊ ဒဏ်ရာရနေတဲ့ မူစီယာလာတို့ မပါဝင်နိုင်တဲ့ ဘိုင်ယန်မြူးနစ်အသင်းမှာ နေမကောင်းဖြစ်နေတဲ့ နည်းပြကွန်ပနီ၊ အသင်းခေါင်းဆောင်နူအာနဲ့ ကွင်းလယ်လူကင်မစ်ချ်တို့လည်း ပါဝင်နိုင်ဖို့ မသေချာတဲ့ အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။

ပြိုင်ဘက်နည်းပြခုံတန်းမှာ ကွန်ပနီကို မြင်တွေ့ရဖို့ မျှော်လင့်တယ်လို့ အာတီတာက ပြောကြားခဲ့ပြီး ဥရောပရဲ့ထိပ်တန်းပြိုင်ပွဲမှာ ကိုယ့်ကိုယ်ကိုယ်စမ်းသပ်နိုင်ဖို့နဲ့ ပိုမိုတိုးတက်လာစေဖို့အတွက် အကောင်းဆုံးသော ဘိုင်ယန်မြူးနစ်အသင်းနဲ့သာ ရင်ဆိုင်ချင်တယ်လို့လည်း ဖြည့်စွက်ပြောကြားခဲ့ပါတယ်။

"ဒီလိုပွဲစဉ်မျိုးတွေမှာ အကောင်းဆုံးကစားသမားတွေနဲ့ ရင်ဆိုင်ချင်ကြသလို ကမ္ဘာ့အကောင်းဆုံးတွေနဲ့ အကြိတ်အနယ် ယှဉ်ပြိုင်ချင်ကြတာပါ"

"ပထမဦးဆုံတော့ အသင်းတစ်ခုအဖြစ် ကြည့်မယ်ဆိုရင် သူတို့ ဘယ်လောက်တောင် စနစ်တကျတည်ဆောက်ထားသလဲဆိုတာ မြင်နိုင်သလို သူတို့ဆီမှာရှိတဲ့ စိတ်ဓာတ်ပိုင်း၊ တုံ့ပြန်မှုတွေအပေါ် ယုံကြည်ချက်အပြည့် ရှိနေပုံတွေနဲ့ သူတို့ဖန်တီးတဲ့ သွင်းဂိုးတွေ၊ အခွင့်အရေးတွေကို ကြည့်တဲ့အခါ ပွဲချိန်တစ်လျှောက်လုံးထုတ်ပြနိုင်တဲ့ အရည်အသွေးမြင့် အခိုက်အတန့်တွေကို မြင်တွေ့နိုင်ပါတယ်" လို့ အာတီတာက ဆိုပါတယ်။

တော့တင်ဟမ်မှာရှိနေချိန် အာဆင်နယ်နဲ့ ဆယ်စုနှစ်တစ်ခုကြာ ယှဉ်ပြိုင်ခဲ့ဖူးတဲ့ ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးဟယ်ရီကိန်းက အကောင်းဆုံးပုံစံ ရရှိနေပြီး ဒီလနှောင်းပိုင်း၊ လန်ဒန်မှာကျင်းပမယ့် ဘော်လွန်းဒီအော်ဆုပေးပွဲမှာ အောင်မြင်မှုရရှိမယ်လို့ ရေပန်းစားနေပါတယ်။

အာတီတာက ဟယ်ရီကိန်းကို မတူညီတဲ့အဆင့်အတန်းတစ်ခုမှာရှိနေတဲ့ ကစားသမားလို့ ပြောဆိုလိုက်ပြီး ဒီအင်္ဂလန်ကပ္ပတိန်ကို ထိန်းချုပ်ဟန့်တားဖို့အတွက် သူ့ရဲ့အသင်းခံစစ်ပိုင်းအပေါ် အပြည့်အ၀ယုံကြည်ထားပါတယ်။

"ကျွန်တော်တို့ခံစစ်မှူးတွေက ပရီးမီးယားလိဂ်မှာ အကြိမ်ကြိမ်စမ်းသပ်ခံခဲ့ပြီးသားပါ။ ချန်ပီယံလိဂ်မှာလည်း ဒါကို လုပ်ပြပြီးပါပြီ" လို့ ဂန်းနားနည်းပြက ဆက်ပြောပါတယ်။