The network connection is lost.

Banner Image

ဘရိုက်တန်ကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် ခရစ္စတယ်ပဲလေ့စ်ပရိသတ်တွေကို တောင်းပန်လိုက်တဲ့ ဆာဂီ

ခရစ္စတယ်ပဲလေ့စ်နည်းပြပီယာဆာဂီက ဘရိုက်တန်ကို ၅-၀ ဂိုးဖြင့် အပြတ်သတ်ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး အသင်းပရိသတ်တွေဆီ တောင်းပန်စကား ပြောကြားခဲ့ပါတယ်။

အသက် ၄၇ နှစ်အရွယ်ဆာဂီက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ခရစ္စတယ်ပဲလေ့စ်အသင်းသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးနည်းပြဖြစ်တဲ့ အိုလီဗာဂလက်စ်နာရဲ့နေရာကို အစားထိုးတာဝန်ယူဖို့ တာဝန်ပေးအပ်ခံလိုက်ရပါတယ်။

ဒါပေမဲ့ အခုဘောလုံးရာသီ၊ ခုနစ်ပွဲကစားပြီးချိန် ခရစ္စတယ်ပဲလေ့စ်ရဲ့ရလဒ်ပိုင်း အတက်အကျ ကြမ်းတမ်းနေပြီး အမှတ်ပေးဇယားအဆင့် ၁၄ နေရာဆီ ရောက်ရှိနေကာ ဂလက်စ်နာရဲ့နော်တင်ဟမ်ဖောရက်စ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ပွဲစဉ်က အကောင်းမွန်ဆုံး အခိုက်အတန့် ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာတော့ ပဲလေ့စ်ရဲ့စွမ်းဆောင်ရည်ပိုင်းက လုံး၀ဆန့်ကျင်ဘက် ဖြစ်နေခဲ့ပါတယ်။ ပွဲအစ ၁၀ မိနစ်အတွင်းမှာတင် ပြိုင်ဘက်ကို သုံးဂိုးအထိ ပေးလိုက်ရပြီး ငါးဂိုးပြတ်အရေးနိမ့်ခဲ့လို့ အတော်လေးအရှက်ရစရာကောင်းတဲ့ပွဲစဉ် ဖြစ်ပါတယ်။

ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် ဆာဂီက ခရစ္စတယ်ပဲလေ့စ်ပရိသတ်တွေကို တောင်းပန်ခဲ့သလို ဒီရှုံးနိမ့်မှုအတွက် တာဝန်ယူမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။

ဆာဂီက "ခံစားချက်တစ်ခုတည်းပဲ ရှိပါတယ်၊ အဲဒါကတော့ အရှက်ရမိတာပါပဲ။ ဒီလိုပွဲစဉ်မျိုးကစားချိန်မှာ အခြားပုံစံတစ်မျိုးကို ပြသနိုင်ရပါမယ်။ အခုတော့ ကျွန်တော်တို့က အဆိုးရွားဆုံးပုံစံကို ပြသမိခဲ့ပါပြီ" လို့ ပြောပါတယ်။

"အထူးသဖြင့် ပွဲစစချင်းအချိန်မှာ အခုလိုဖြစ်သွားတယ်ဆိုတာကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ကိုယ်တိုင် အားထုတ်ယှဉ်ပြိုင်ခြင်း လုံးဝမရှိခဲ့ပါဘူး။ ၉ မိနစ်မှာတင် ရလဒ်က ၃-၀ ဂိုးဖြစ်သွားတော့ ပွဲရဲ့အခြေအနေ လုံးဝပြောင်းလဲသွားခဲ့ပါတယ်"

"အထူးသဖြင့် ကျွန်တော်တို့ ဘယ်လိုအခြေအနေမျိုးမှာ ရှိနေလဲဆိုတာကို နားမလည်ခဲ့တဲ့ ပုံစံမျိုး ဖြစ်နေခဲ့ပါတယ်။ ဒီလိုပွဲစဉ်မျိုးမှာ မတူညီတဲ့အစိတ်အပိုင်းတွေ လိုအပ်ပါတယ်။ ကျွန်တော်က နည်းပြဖြစ်နေလို့ ဒါ ကျွန်တော့်ရဲ့အမှားပါပဲ။ ကစားသမားတွေအတွက် နည်းလမ်းချပြခဲ့တယ်၊ စိတ်ဓါတ်တက်ကြွလာအောင် လုပ်ပေးခဲ့တယ်၊ အခြေအနေတွေကို ကြိုတင်ပြင်ဆင်ပေးခဲ့ပါတယ်။ ကျွန်တော်တို့တွေ အလွန်ဆိုးဆိုးရွားရွားကစားခဲ့လို့ ဒါ ကျွန်တော့်ရဲ့အမှားသာ ဖြစ်ပါတယ်"

"တစ်ဦးချင်းစီအကြောင်းကို သီးသန့်မပြောချင်သလို အသေးစိတ်အချက်အလက်တွေကိုလည်း မစဉ်းစားချင်ပါဘူး။ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက် ဘာတွေဖြစ်ပျက်ခဲ့သလဲဆိုတာကို ကျွန်တော် သေချာပြန်လည်သုံးသပ်ရပါမယ်"

"ဂိုးပြတ်သွားတဲ့အခိုက်အတန့်ရောက်မှ ကစားရတာ ပိုလွယ်ကူသွားပါတယ်။ ဒါက ရဲရင့်မှုနဲ့ သက်ဆိုင်ပါတယ်။ ဒီအရာတွေကို ပွဲစကတည်းက ကျွန်တော်တို့ ကောင်းကောင်း ကိုင်တွယ်ဖြေရှင်းနိုင်ရပါမယ်" လို့ သူက ဆက်ပြောပါတယ်။

ပရိသတ်တွေဆီပေးချင်တဲ့ သတင်းစကားနဲ့ပတ်သက်လို့လည်း ဆာဂီက "သူတို့အတွက် ထိုက်တန်တဲ့ရလဒ်မျိုး ကျွန်တော်တို့ မပေးစွမ်းနိုင်ခဲ့လို့ တကယ်ပဲ စိတ်မကောင်းဖြစ်ရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့က ခရစ္စတယ်ပဲလေ့စ်အသင်းပုံစံအစစ်အမှန်ကို မပြသနိုင်ခဲ့လို့ တောင်းပန်ပါတယ်" လို့ ဆိုပါတယ်။