ခြေစွမ်းပြနေတဲ့ ဘရိုက်တန်အတွက် တိုးတက်လာရမယ့်ကဏ္ဍတွေ ရှိနေသေးတယ်လို့ နည်းပြဟာဇလာ အခိုင်အမာပြောဆို
ခရစ္စတယ်ပဲလေ့စ်ကို ၅-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ယူခဲ့တဲ့ တနင်္ဂနွေနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဘရိုက်တန်နည်းပြဟာဇလာက ခြေစွမ်းပြသနေတဲ့ သူ့ရဲ့အသင်းဆီမှ စွမ်းဆောင်ရည်ကောင်းတွေ အခုထက်ပိုပြီး မြင်တွေ့ကြရဦးမယ်လို့ အခိုင်အမာပြောဆိုလိုက်ပါတယ်။
ဟာဇလာရဲ့ဘရိုက်တန်က ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအစောပိုင်းကာလတွေမှာ ပရီးမီးယားလိဂ်ရဲ့စောင့်ကြည့်ချင်စရာအကောင်းဆုံး၊ ဖျော်ဖြေမှုအပေးနိုင်ဆုံး အသင်းတစ်ခုအဖြစ် ရပ်တည်နေပါတယ်။
လက်ရှိအမှတ်ပေးဇယားတတိယနေရာမှာရှိနေတဲ့ ဘရိုက်တန်က ခုနစ်ပွဲကစားပြီးချိန် ၂၃ ဂိုးသွင်းယူကာ ၅ ဂိုးသာ ခွင့်ပြုပေးထားရပြီး လိဂ်ရဲ့သွင်းဂိုးအများဆုံးကလပ်အသင်း ဖြစ်နေပါတယ်။
ခရစ္စတယ်ပဲလေ့စ်ကို ပွဲအစ ၁၀ မိနစ်အတွင်း သုံးဂိုးသွင်းယူကာ ၅-၀ ဂိုးဖြင့် အပြတ်အသတ်အနိုင်ရရှိမှုကြောင့် ဘရိုက်တန်အတွက် အခုဘောလုံးရာသီအတွင်း ဒီလိုရလဒ်ပိုင်းနဲ့ အနိုင်ရရှိတဲ့ ဒုတိယမြောက်ပွဲစဉ် ဖြစ်လာပါတယ်။
ပွဲစဉ်အပြီး BBC Sport နဲ့တွေ့ဆုံချိန် ဟာဇလာက ခြေစွမ်းပြသထားပြီးဖြစ်တဲ့ သူ့ရဲ့အသင်းဆီမှ အခုထက်ပိုမိုကောင်းမွန်တဲ့ အရာတွေ ရောက်ရှိလာဦးမယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
သူက "ကျွန်တော်တို့ရဲ့ပရိသတ်တွေအတွက် အရမ်းဝမ်းသာမိပါတယ်။ ဒီလိုခံစားချက်မျိုး ရရှိဖို့ သူတို့ အကြာကြီးစောင့်ဆိုင်းခဲ့ရပါတယ်။ နည်းပြအဖွဲ့ဝင်တွေနဲ့ ကလပ်အသင်းတစ်ခုလုံးအတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်။ နောက်ထပ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုဖြစ်သလို Clean sheet နောက်တစ်ကြိမ်ရရှိမှုလည်း ဖြစ်ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့က ဟန်ချက်ညီလိုက်လျောညီထွေမှုအပြည့် ကစားနိုင်ခဲ့ပါတယ်။ ဒီလိုကစားဖို့ဆိုရင် ရိုးရှင်းတဲံ့အရာတွေကို မှန်မှန်ကန်ကန် လုပ်ဆောင်နိုင်ရပါမယ်။ အပြင်းအထန်ကြိုးစားအားထုတ်ရမယ်၊ တစ်ဦးချင်းယှဉ်ပြိုင်မှုတွေမှာ အနိုင်ယူရမယ်၊ Second Ball တွေကိုလည်း အရယူနိုင်ရမယ်၊ တည်ကန်ဘောတွေမှာလည်း ကောင်းမွန်ရပါမယ်" လို့ ဆိုပါတယ်။
ဒီယေဂိုဂိုးမက်ဇ်ရဲ့သွင်းဂိုးနဲ့ ပတ်သက်လို့ ဟာဇလာက "ဒီလိုပုံစံမျိုး ဂိုးသွင်းယူဖို့ဆိုတာ မလွယ်ကူပါဘူး။ သူ့ရဲ့သွင်းဂိုးအကြောင်း လူတိုင်းပြောနေကြပေမဲ့ ကျွန်တော့်အတွက် အရေးအကြီးဆုံးကတော့ ကျွန်တော်တို့အသင်း တိုးတက်အောင် လုပ်နိုင်မယ့် အရာတွေနဲ့ လွဲချော်ခဲ့တဲ့ လွယ်လွယ်ကူကူပေးပို့မှုလေးတွေပါပဲ။ နိုင်ပွဲကြောင့် အောင်ပွဲခံတာ ကောင်းပေမဲ့ အထူးသဖြင့် ကစားသမားတစ်ဦးချင်းဆီမှာ တိုးတက်ဖို့လိုနေသေးတဲ့ နေရာတွေ ရှိနေသေးတယ်ဆိုတာကို နားလည်ထားရပါမယ်"
"ကျွန်တော်တို့ ဆက်လက်ကြိုးစားသွားရပါမယ်။ တင်းတိမ်ရောင့်ရဲနေလို့ မရပါဘူး။ ရှေ့ဆက်တွန်းအားပေးနေရမယ်၊ စိတ်ကြီးမဝင်ရဘူး၊ လက်ရှိအဆင့်အတန်းတစ်ခုကို ဆက်လက်ထိန်းထားနိုင်ဖို့အတွက် အခုလောလောဆယ် ဘာကြောင့်အောင်မြင်နေသလဲဆိုတာ နားလည်သဘောပေါက်ထားရပါမယ်" လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂိုးမက်ဇ်ရဲ့သွင်းဂိုးနဲ့ပတ်သက်လို့ ဟာဇလာက "မီတာ ၅၀ အကွာမှတဆင့် ကန်သွင်းယူဖို့အတွက် ကျွန်တော်တို မလေ့ကျင့်ထားပါဘူး။ ခြုံပြီးပြောရရင် သူ့မှာ တကယ့်ကိုကောင်းမွန်တဲ့ အဆုံးသတ်စွမ်းရည် ရှိတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ အခုလိုအခိုက်အတန့်မျိုးမှာ အဝေးကန်ချက်တွေကို အလွန်တိကျအောင် ကန်သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ ဂိုးသမားရဲ့အခြေအနေကို သတိပြုမိပြီး ချက်ချင်းလက်ငင်း အကောင်အထည်ဖော်တဲ့ သူ့ရဲ့ထိုးထွင်းမှုအသိဉာဏ်ကတော့ တကယ့်ကို အထင်ကြီးစရာကောင်းခဲ့ပါတယ်"
"ကျွန်တော်တို့ အခုမှ ခြောက်ပွဲပဲ ကစားရပါသေးတယ်။ အလွန်အမင်း စိတ်ကြီးဝင်လို့ မရပါဘူး။ ဘောလုံးရာသီကုန်ဆုံးဖို့ဆိုတာ အချိန်တွေ အများကြီးကျန်ပါသေးတယ်"
" အထူးသဖြင့် ကျွန်တော်က ဒီကလပ်အသင်းရဲ့အစိတ်အပိုင်းတစ်ခု၊ ဒီခရီးစဉ်ရဲ့အစိတ်အပိုင်းတစ်ခု အမှန်တကယ်ဖြစ်လာခဲ့တာကြောင့် ကျွန်တော့်အတွက်တော့ စပါယ်ရှယ်ပွဲစဉ်ပါပဲ။ ပရိသတ်တွေအတွက်လည်း ပျော်ရွှင်စရာကောင်းတဲ့ညချမ်းလေးတစ်ခု ပိုင်ဆိုင်သွားခဲ့လို့ ပိုပြီး ဝမ်းသာမိပါတယ်" လို့ ပြောပါတယ်။