အရေးကြီးပွဲစဉ်တွေမတိုင်ခင် ခံစစ်ပိုင်းဒဏ်ရာပြဿနာထိုးနှက်ချက်နှစ်ခုနဲ့ ရင်ဆိုင်လိုက်ရတဲ့ ဘာစီလိုနာ
ချန်ပီယံလိဂ်မှာ ပီအက်စ်ဂျီ၊ လာလီဂါမှာ ရီးရဲလ်မက်ဒရစ်တို့နဲ့ ရင်ဆိုင်ရမယ့် အရေးကြီးပွဲစဉ်တွေ မတိုင်ခင် ဘာစီလိုနာနောက်ခံလူတွေ ဖြစ်ကြတဲ့ အဲရစ်ဂါစီယာနဲ့ ကွန်ဒီတို့မှာ ဒဏ်ရာပြဿနာ ရှိနေကြတယ်လို့ စပိန်ချန်ပီယံအသင်းက တနင်္ဂနွေနေ့မှာ အတည်ပြုထုတ်ပြန်ခဲ့ပါတယ်။
စပိန်ဗဟိုနောက်ခံလူဂါစီယာကတော့ ပေါင်ခြံဒဏ်ရာကြောင့် ဒီပွဲကြီးပွဲကောင်းနှစ်ခုကို လွဲချော်ဖို့ရှိနေပြီး သီတင်းပတ် သုံးပတ်မှ လေးပတ်အထိ အနားယူရလိမ့်မယ်လို့ ဘာစီလိုနာရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ညာနောက်ခံလူကွန်ဒီကတော့ ခြေကျင်းဝတ်အဆစ်လွဲဒဏ်ရာ ရရှိနေပြီး ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် အင်္ဂါနေ့ပွဲစဉ်ကို လွဲချော်သွားဖို့ရှိပေမဲ့ အောက်တိုဘာ ၂၅ ရက်(တနင်္ဂနွေနေ့)၊ အယ်လ်ကလက်စီကိုပွဲစဉ်ကိုတော့ ဒဏ်ရာအခြေအနေတိုးတက်မှုအပေါ် မူတည်ကာ ပါဝင်ကစားနိုင်ဖို့ ရှိ၊မရှိ မသိရသေးဘူးလို့ ဘာစီလိုနာရဲ့ထုတ်ပြန်ချက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
ဘက်တစ်ကို ၅-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ စနေနေ့လာလီဂါပွဲစဉ်အပြီး ခံစစ်မှူးနှစ်ဦးလုံးမှာ မသက်မသာဖြစ်ရတဲ့ အခြေအနေတွေ ပေါ်ပေါက်လာခဲ့ပါတယ်။
ဟန်စီဖလစ်ခ်ရဲ့အသင်းက လာလီဂါရာသီအဖွင့်ကိုးပွဲဆက် အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကောင်းကို ဆက်လက်ထိန်းသိမ်းထားပါတယ်။
တဖက်မှာလည်း ဥရောပချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရရှိထားတဲ့ ပီအက်စ်ဂျီက စထရာဘော့ကို အနိုင်ယူခဲ့တဲ့ လီဂူးဝမ်းပွဲစဉ်မှာ ပေါ်တူဂီနောက်ခံလူနူနိုမန်ဒက်စ် ဒဏ်ရာရရှိခဲ့လို့ အားကိုးရတဲ့ခံစစ်မှူးတစ်ဦးကို လက်လွှတ်လိုက်ရပြီလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့တရားဝင်ဝက်ဘ်ဆိုဒ်မှာ "မနေ့ညပိုင်း၊ စထရာဘော့နဲ့ပွဲစဉ်မှာ နူနိုမန်ဒက်စ်ရဲ့ဘယ်ဘက်ပေါင်ခြံ ဒဏ်ရာရရှိသွားလို့ လာမယ့်သီတင်းပတ်အနည်းငယ်အထိ အနားယူသွားရဖို့ ရှိနေပါတယ်" လို့ တရားဝင်ဖော်ပြခဲ့ပါတယ်။