ကိုဗင်ထရီကို အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီးနောက် နယူးကာဆယ်ပရိသတ်တွေဆီ တောင်းပန်စကားဆိုလိုက်တဲ့ ဂျေဆဲလ်
ပရီးမီးယားလိဂ်တန်းတက်ကိုဗင်ထရီကို ၄-၁ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး နယူးကာဆယ်ပရိသတ်တွေကို ဂျေဆဲလ်က တောင်းပန်လိုက်ပါတယ်။
လှိုင်းလေထန်ခဲ့တဲ့ နွေရာသီကာလအပြီး ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်ငါးခုမှ ရှစ်မှတ်အထိ ရှာဖွေပေးရင်း ဂျေဆဲလ်က နယူးကာဆယ်ကို ပြန်လည်တည်ငြိမ်လာအောင် စွမ်းဆောင်နိုင်ခဲ့ပုံ ရပါတယ်။
ဒါပေမဲ့ ကိုဗင်ထရီဆီ သွားရောက်ကစားမယ့် ပွဲစဉ်မတိုင်ခင် နယူးကာဆယ်က အနိုင်ရရှိဖို့ အပြတ်အသတ်ရေပန်းစားခဲ့ပေမဲ့ ရူဒိုနီ၊ ချာရစ်ဖ်၊ အဲလစ်ဆင်းမ်နဲ့ အမ်ဖူနီတို့ရဲ့သွင်းဂိုးတွေကြောင့် အဆုံးမှာ ဂိုးပြတ်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
ပွဲအပြီး BBC Sport နဲ့တွေ့ဆုံချိန် နယူးကာဆယ်နည်းပြဂျေဆဲလ်က ပရိသတ်တွေကို တောင်းပန်စကား မဖြစ်မနေပြောကြားခဲ့ပါတယ်။
သူက "ကျွန်တော်တို့ သေချာပေါက် စိတ်ပျက်မိပါတယ်။ အဝတ်လဲခန်းထဲမှာရှိတဲ့ ကစားသမားတွေလည်း အတူတူပါပဲ၊ ကိုယ်နိုင်သင့်တယ်လို့ ခံစားရချိန် အခုလိုမျိုးခံစားချက်မျိုး ရရှိတာကို ဘယ်သူမှ မလိုချင်ကြပါဘူး" လို့ ပြောပါတယ်။
"အဝေးကွင်းလာရောက်အားပေးခဲ့ကြတဲ့ ပရိသတ်တွေကို ကျွန်တော်တို့ တောင်းပန်ရုံမှလွဲလို့ တခြားမတတ်နိုင်ပါဘူး။ အထူးသဖြင့် နှစ်သင်းလုံးရဲ့ ပင်နယ်တီဧရိယာအတွင်း ကစားပုံတွေကို ကျွန်တော်တို့ သေချာပြန်လည်သုံးသပ်ဖို့ လိုပါတယ်။ ဂိုးသွင်းလိုတဲ့ ဆန္ဒ၊ ဆာလောင်မှုနဲ့ တိုက်စစ်ပိုင်းအဆုံးသတ်နိုင်စွမ်းတွေ ကျွန်တော်တို့ဆီမှာ ပျောက်ဆုံးနေခဲ့ပါတယ်" လို့ ပြောပါတယ်။
ပွဲအစမှာပဲ ပြိုင်ဘက်အတွက် ခွင့်ပြုပေးလိုက်ရတဲ့ ပင်နယ်တီနဲ့ပတ်သက်လို့ ဂျေဆဲလ်က "ဒါ ဘောလုံးလောကမှာ ဖြစ်လေ့ရှိတဲ့ အရာပါ။ အထူးသဖြင့် လူငယ်အခြေပြုအသင်းတစ်ခုကို ကိုင်တွယ်နေချိန်မှာပေါ့။ ဒါပေမဲ့ ရှေ့ဆက်ပြီး ဒီပွဲစဉ်ကို အနိုင်ရရှိနိုင်မယ့် ဖြစ်နိုင်ခြေလည်း ရှိနေဆဲပါပဲ။ ဒုတိယဂိုးမှာ ဝီလော့ခ်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့တာရှိပေမဲ့ ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမပေးခဲ့ပါဘူး။ ကျွန်တော့်အမြင်အရ အဲ့ဒီနောက်မှာ ဘောလုံးရှိတဲ့နေရာကို သူ မကာကွယ်နိုင်တော့ပါဘူး။ ကျွန်တော်တို့ ကိုယ်တိုင်ထိန်းချုပ်နိုင်တဲ့ အရာတွေကို တိုးတက်အောင် လုပ်ဆောင်ဖို့ လိုပါတယ်" လို့ ပြောပါတယ်။
ဒုတိယပိုင်းစစချင်း ဒုတိယမြောက်ဂိုး ပေးလိုက်ရမှုနဲ့ပတ်သက်လို့ ဂျေဆဲလ်က "ဂိုးပေးလိုက်ရတယ်ဆိုတာ ဘယ်တုန်းကမှ မကောင်းပါဘူး။ ဒါပေမဲ့ ပထမပိုင်းအပြီး ပွဲကို ပြန်လည်အလှည့်အပြောင်းလုပ်နိုင်ဖို့ ကျွန်တော်တို့မှာ ချဉ်းကပ်မှု ရှိခဲ့ပါတယ်" လို့ ပြောပါတယ်။
"ကစားသမားတွေလည်း ယုံကြည်ခဲ့ကြလို့ ကျွန်တော်တို့ ပထမဂိုးကို သွင်းယူနိုင်ခဲ့ပြီး ပွဲရဲ့အရှိန်အဟုန် ကျွန်တော်တို့ဘက် ရောက်လာခဲ့ပါတယ်။ အန္တရာယ်ဇုန်ထဲမှာ ဘောလုံးဆုံးရှုံးလို့မရဘူးဆိုတာလည်း ကျွန်တော်တို့ သင်ယူရပါမယ်။ ပြိုင်ဘက်ကို တတိယဂိုးသွင်းဖို့ ဖိတ်ခေါ်လိုက်သလို မဖြစ်သင့်ပါဘူး။ အဲ့ဒီလိုဖြစ်သွားရင် ခက်ခဲသွားပါလိမ့်မယ်" လို့ ပြောပါတယ်။
အဝေးကွင်းပွဲစဉ်နှစ်ပွဲဆက် ၄-၁ ဂိုးဖြင့် ရှုံးနိမ့်မှုနဲ့ပတ်သက်လို့ ဂျေဆဲလ်က "ကျွန်တော်တို့ သေချာပြန်လည်သုံးသပ်ရမယ့် အရာတွေ ရှိနေတာ သေချာပါတယ်။ ပင်နယ်တီဧရိယာထဲမှာ အခုလိုရင်ဆိုင်မှုတွေကို ကျွန်တော်တို့ အနိုင်ယူနိုင်ရပါမယ်။ ခံစစ်ပိုင်းတိုးတက်ဖို့ လိုအပ်သလို တိုက်စစ်ပိုင်းလည်း ပိုပြီး ထက်မြက်ဖို့ လိုပါတယ်" လို့ ဆိုပါတယ်။