The network connection is lost.

Banner Image

မန်စီးတီးအသင်းပြစ်ဒဏ်ချမှတ်ခံရမှုနဲ့ပတ်သက်လို့ တုံ့ပြန်ပြောဆိုလာတဲ့ ပက်ဂွါဒီယိုလာ

လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုအထိ မန်စီးတီးကိုဦးဆောင်ခဲ့တဲ့ စပိန်လူမျိုးနည်းပြ ပက်ဂွါဒီယိုလာက ပရီးမီးယားလိဂ်ရဲ့ ဘဏ္ဍာရေးဆိုင်ရာစည်းမျဉ်းချိုးဖောက်မှုစွဲချက်အားလုံးမှာ အင်္ဂလိပ်ကလပ်အသင်း တာဝန်ရှိတယ်ဆိုတဲ့ စီရင်ချက် ထွက်ပေါ်လာပြီးနောက် သူ့ရဲ့သဘောထားကို ဗုဒ္ဓဟူးနေ့မှာ ဖော်ပြခဲ့ပါတယ်။

လူမှုကွန်ရက်မှတဆင့် ထွက်ပေါ်လာတဲ့ ပက်ဂွါဒီယိုလာရဲ့ Post မှာ"ကျွန်တော် ဒီမှာရှိနေတယ်ဆိုတာကို ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မန်စီးတီးပရိသတ်တိုင်း သိစေချင်ပါတယ်။ အရင်ထက် ပိုပြီးတော့တောင် ရှိနေပါတယ်။ ကျွန်တော်က ကျွန်တော့်ရဲ့ ကလပ်အသင်း၊ ပိုင်ရှင်၊ ဥက္ကဋ္ဌ၊ ဆိုရီယာနို၊ ကစားသမားတွေ၊ ဝန်ထမ်းတွေ၊ အန်ဇိုမာရက်စ်ကာ၊ တမူထူးခြားတဲ့ ကျွန်တော်တို့ရဲ့ပရိသတ်တွေနဲ့အတူ အမြဲရှိနေခဲ့သလို အမြဲတမ်းလည်း အတူရှိနေပါမယ်။ ရှင်းရှင်းလင်းလင်း ပြောပါရစေ၊ ကျွန်တော်တို့ အတူတကွ ဒီအခက်အခဲကို ကျော်ဖြတ်သွားပါမယ်။ ခင်ဗျားတို့ အားလုံးကို ချစ်ပါတယ်" လို့ ဖော်ပြထားပါတယ်။

ဆယ်စုနှစ်တစ်ခုနီးပါးကြာကာလအတွင်း ဝင်ငွေတွေ ဖောင်းပွစေဖို့နဲ့ ကုန်ကျစရိတ်တွေကို ပေါင်သန်း ၉၀၀ ကျော်အထိ လျှော့ချပြသနိုင်ဖို့အတွက် ဟန်ပြစီးပွားရေးစာချုပ်တွေကို မန်စီးတီးအသင်း အသုံးပြုခဲ့တယ်လို့ ပရီးမီးယားလိဂ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပါတယ်။ ကလပ်အသင်းဘက်ကတော့ ဒီစွဲချက်အားလုံးကို ငြင်းဆန်ခဲ့ပါတယ်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလမှာလည်း ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)က ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းတွေ ချိုးဖောက်တယ်လို့ဆိုကာ မန်စီးတီးကို ယူရိုသန်း ၃၀ ဒဏ်ကြေးအပြင် ဥရောပကလပ်အသင်းပြိုင်ပွဲတွေမှာ နှစ်နှစ်ကြာ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုဖို့ ပိတ်ပင်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အားကစားဆိုင်ရာခုံသမာဓိတရားရုံး(CAS) ဆီ အယူခံဝင်မှုမှာတော့ စွပ်စွဲထားတဲ့ပြစ်မှုတချို့အတွက် သတ်မှတ်ကာလကျော်လွန်နေပြီဖြစ်လို့ ဒီပိတ်ပင်မှုကို ပယ်ဖျက်ပေးခဲ့ပါတယ်။ ဒါပေမဲ့ UEFA နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့မှုအတွက် ကလပ်အသင်းကို ဒဏ်ငွေယူရို ၁၀ သန်း ပေးဆောင်စေခဲ့ပါတယ်။

အခုစွပ်စွဲခံထားရတဲ့ကာလအတွင်း မန်စီးတီးက ပရီးမီးယားလိဂ်ချန်ပီယံဆု သုံးကြိမ်၊ ကာရာဘောင်ဖလား လေးကြိမ်၊ အက်ဖ်အေဖလား နှစ်ကြိမ်နဲ့ ကွန်မြူနတီဒိုင်း တစ်ကြိမ် ဆွတ်ခူးရရှိခဲ့ပါတယ်။ မန်စီးတီးနဲ့သက်ဆိုင်တဲ့အရှုပ်တော်ပုံကာလက ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအထိ ဖြစ်ပြီး ဂွါဒီယိုလာကတော့ ၂၀၁၆-၂၀၁၇ ဘောလုံးရာသီစတင်ချိန်မှသာ မန်စီးတီးကို စတင်ကိုင်တွယ်ခဲ့တယ်ဆိုတာကို သတိပြုသင့်ပါတယ်။