ချက်အသင်းကို ဆွဲဆောင်မှုမရှိအနိုင်ယူခဲ့တဲ့ ပွဲစဉ်အပြီး အင်္ဂလန်အသင်းရဲ့ကြိုးစားအားထုတ်မှုကို ချီးကျူးလိုက်တဲ့ တူချယ်
အင်္ဂလန်နည်းပြသောမတ်စ်တူချယ်က နေးရှင်းလိဂ်အုပ်စု A3 မှာ ပထမဆုံးရမှတ်တွေ ရယူပေးနိုင်ဖို့အတွက် အင်္ဂါနေ့၊ ပရဂ်မြေပွဲစဉ်မှာ ချက်အသင်းကို စွဲဆောင်မှုမရှိ၊ ၀-၂ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ သူ့အသင်းရဲ့စွမ်းဆောင်ရည်ကို သဘောကျမိတယ်လို့ ပြောကြားခဲ့ပါတယ်။
ပထမပိုင်းပွဲချိန်အတွင်း အီလီယော့အန်ဒါဆန်အပေါ် ကစားပုံကြမ်းတမ်းခဲ့တဲ့ ပါဗယ်လ်ဆူးလ် တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ထိခဲ့လို့ အင်္ဂလန်အတွက် ပိုမိုလွယ်ကူသွားခဲ့ပြီး ဂေါ်ဒွန်၊ ဟယ်ရီကိန်းတို့ရဲ့ ဒုတိယပိုင်းသွင်းဂိုးတွေနဲ့ အဝေးကွင်းနိုင်ပွဲတစ်ခု အပြည့်အ၀ပုံဖော်နိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့စနေနေ့၊ စပိန်ကို ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှ ကစားသမား ၄ ဦးအထိ အပြောင်းအလဲပြုလုပ်ခဲ့တဲ့ တူချယ်က အိမ်ရှင်ချက်အသင်းရဲ့ခံစစ်ကို ထိုးဖောက်နိုင်ဖို့ သူ့ရဲ့အသင်း ရုန်းကန်ခဲ့ရပေမဲ့ အမှတ်တွေ စုဆောင်းနိုင်ခဲ့လို့ သူ့ကစားသမားတွေရဲ့ကြိုးစားအားထုတ်မှုကို သဘောကျနေခဲ့ပါတယ်။
ပွဲစဉ်အပြီး သတင်းစာရှင်းလင်းပွဲမှာ တူချယ်က "တခါတလေ အခုလိုမျိုး ရုပ်ဆိုးဆိုးရလဒ်တွေကို ကျွန်တော် သဘောကျပါတယ်။ တစ်ခါတလေမှာ ၂-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ကွင်းထဲမှ ထွက်ခွာလာကာ စိတ်အေးလက်အေး ညနေခင်းတစ်ခုကို ဖြတ်သန်းပြီး နောက်ပွဲစဉ်အတွက် ဆက်သွားရတာမျိုး လိုအပ်ပါတယ်။ အမြဲတမ်း မျက်စိပသာဒဖြစ်နေဖို့ သို့မဟုတ် အမြဲတမ်း စိတ်လှုပ်ရှားစရာကောင်းနေဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ တခါတလေ ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ရတာမျိုးတွေ ရှိရပါမယ်"
"ကျွန်တော်တို့က အနိုင်ရရှိဖို့ ရေပန်းစားခဲ့တာကြောင့် ချီးကျူးမှုတွေ အများကြီး မရရှိတာပါ၊ ကျွန်တော်တို့လည်း အနိုင်ရလဒ်ကို လိုချင်ခဲ့ကြသလို ပြိုင်ဘက်ကစားသမားတစ်ဦး လျော့ကျသွားချိန် အနိုင်ရလဒ်ကို ကျွန်တော်တို့ဆီမှ မျှော်လင့်ကြတယ်ဆိုတာ သဘာ၀ကျပါတယ်"
"ဒါကြောင့်ပဲ ကျွန်တော်တို့ မထိတ်လန့်မိခဲ့ပေမဲ့ အချိန်တိုအတွင်း ပိုပြီးထိရောက်မှုရှိဖို့နဲ့ ဘေးတောင်ပံတွေမှာ ပိုပြီးလှုပ်ရှားကစားနိုင်ဖို့တော့ လိုအပ်ခဲ့ပါတယ်။ ပြိုင်ဘက်ရဲ့ ကွင်းဘက်ခြမ်းမှာ တစ်ဦးချင်းလူကပ်ကစားတဲ့ ပုံစံမျိုးနဲ့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပြီး နောက်ဆုံး ၁၀ မိနစ်လောက်အထိ အဲဒီအတိုင်း လုပ်ဆောင်နိုင်ခဲ့ပါတယ်။ ခြုံပြီးပြောရရင် ချက်ကို အဝေးကွင်းမှာ အခုလိုအနိုင်ရရှိလိုက်တယ်ဆိုတာ စိတ်ဓါတ်ပိုင်းအတွက်လည်း အထောက်အကူဖြစ်စေပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
အလားတူ ချက်နိုင်ငံရဲ့မြို့တော်မှာ အာနိုးလ်က နှစ်နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပွဲထွက်ကစားခဲ့ပြီး ဂေါ်ဒွန်ရဲ့အဖွင့်ဂိုးအတွက် တိကျသေသပ်တဲ့ ဖြတ်တင်ဘောတစ်ကြိမ် ပြုလုပ်ပေးခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ အကောင်းဆုံးကစားသမားဆုရရှိခဲ့တဲ့ နောက်ခံလူရဲ့ လက်ရွေးစင်အသင်းဆီ တကျော့ပြန်ရောက်ရှိလာမှုကို တူချယ် သဘောကျနှစ်သက်ခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နောက်ခံလူနဲ့ပတ်သက်လို့ တူချယ်က "ဒီလို ဂိုးဖန်တီးမှုမျိုးတွေ အာနိုးလ် လုပ်ပေးနိုင်တယ်ဆိုတာကို ကျွန်တော် ဘယ်တုန်းကမှ သံသယ မရှိခဲ့ပါဘူး"
"ပထမပိုင်းပွဲချိန်တိုက်စစ်လိုက်ပါကစားပုံထက် ဒုတိယပိုင်းပွဲချိန်ခံစစ်အားပြုစေတဲ့ပုံစံက သူ့အတွက် ပိုပြီးသင့်တော်ခဲ့ပါတယ်"
"အာနိုးလ်က ဘောလုံးကိုင်ထားချိန်မှာ အလွန်တည်ငြိမ်သလို သူ့ရဲ့ဖြတ်တင်ဘောတွေကလည်း အဆုံးအဖြတ်ပေးနိုင်ပါတယ်။ ခံစစ်ပိုင်းမှာလည်း စိတ်ချရပြီး ကျွန်တော်တို့ ဂိုးသွင်းယူနိုင်ဖို့ အဆုံးအဖြတ်ပေးတဲ့လုပ်ဆောင်ချက်တစ်ခု ပြုလုပ်ပေးနိုင်ခဲ့တာကြောင့် ခြုံပြီးပြောရရင် ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုပါပဲ" လို့ ပြောပါတယ်။
အင်္ဂလန်အသင်းက ပရဂ်မှာ တစ်ညတာ အနားယူပြီးနောက် အခုနိုင်ငံတကာသီတင်းပတ်လေ့ကျင့်ရေးအစီအစဉ် ပြုလုပ်ဖို့နဲ့ တတိယမြောက်ပွဲစဉ် ယှဉ်ပြိုင်ကစားဖို့အတွက် ခရိုအေးရှားဆီ တိုက်ရိုက်ထွက်ခွာသွားပါပြီ။ သူတို့က နေးရှင်းလိဂ်အုပ်စုအဖွင့်ပွဲစဉ်နှစ်ခုမှာ ကစားသမားအားလုံးကို အသုံးပြုခဲ့ပြီး ချက်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့တဲ့ အိုရွိုင်လေနဲ့ ကွန်ဆာအပြင် ဘယ်လင်ဟမ်ပါ ဒဏ်ရာအနည်းငယ်ရရှိသွားလို့ နိုင်ငံတကာသီတင်းပတ်ပုံစံသစ်ရဲ့ ဖိအားဒဏ်ကို ခံစားနေရပြီလို့ တူချယ်က ဝန်ခံခဲ့ပါတယ်။
အင်္ဂလန်အသင်းနည်းပြက "ဒါ ကစားသမားတွေအတွက် အသစ်အဆန်း ဖြစ်နေသလို သူတို့ တစ်ခုခုခံစားရတဲ့အခါ ပုံမှန်နိုင်ငံတကာပွဲစဉ်ကာလမျိုးမှာဆိုရင် အိုရွိုင်လေလိုကစားသမားမျိုးကို ကလပ်အသင်းဆီ ပြန်လွှတ်ရမှာဖြစ်ပေမဲ့.........အခုတော့ ကျွန်တော်တို့အတွက် ကစားဖို့ နှစ်ပွဲ ကျန်သေးနေလို့ သူက ကျွန်တော်တို့နဲ့အတူ ဆက်ရှိနေပါတယ်။ အရာအားလုံး အသစ်အဆန်းတွေ ဖြစ်နေပြီး မတူကွဲပြားပေမဲ့ စပိန်နဲ့ပွဲစဉ်စွမ်းဆောင်ရည်အပေါ် အခြေခံပြီး အရှိန်အဟုန်တစ်ခုတည်ဆောက်နိုင်ဖို့အတွက် ဒီနိုင်ပွဲကို ကျွန်တော်တို့ လိုအပ်ခဲ့ပါတယ်။
ဒါကို ပြိုင်ပွဲအသေးစားလေးတစ်ခုလို့တောင် ယူဆမိပါတယ်" လို့ ပြောကြားခဲ့ပါတယ်။