မန်စီးတီးကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ လာလီဂါဥက္ကဋ္ဌတီဘတ်စ် ပြောကြား
နှစ်ပေါင်းများစွာကြာ ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုတွေ စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် မန်ချက်စတာစီးတီးကို ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သင့်တယ်လို့ လာလီဂါဥက္ကဋ္ဌ ဂျာဗီယာတီဘတ်စ်က အင်္ဂါနေ့မှာ ပြောကြားခဲ့ပြီး ဒီအမှုက ဥရောပတစ်ဝန်းရှိ ကလပ်အသင်းတွေအတွက် သတိပေးချက်တစ်ခု ဖြစ်လာသင့်တယ်လို့လည်း ထောက်ပြခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုစွပ်စွဲချက် ၁၁၅ ခုအနက် တစ်ခုမှလွဲလို့ ကျန်စွဲချက်အားလုံးမှာ မန်စီးတီးအသင်း အပြစ်ရှိတယ်ဆိုတာ သီခြားလွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။
ဒါကြောင့် အမှားအယွင်းတစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိဘူးလို့ အစဉ်တစိုက်ငြင်းဆိုလာတဲ့ မန်စီးတီးအတွက် ဒဏ်ငွေချမှတ်ခံရခြင်း၊ ရမှတ်လျှော့ချခံရခြင်းနဲ့ တန်းဆင်းရခြင်း ပြစ်ဒဏ်တွေအထိ ရင်ဆိုင်ရနိုင်ပါတယ်။
တီဘတ်စ်က " မန်ချက်စတာစီးတီးနဲ့ပတ်သက်လို့ ကျွန်တော့်ရဲ့စိုးရိမ်ပူပန်မှုတွေကို ထုတ်ဖော်ပြောဆိုလာခဲ့တာ နှစ်ပေါင်းများစွာ ကြာပါပြီ။ ၂၀၁၇ ခုနှစ်၊ Soccerex ညီလာခံမှာလည်း ကျွန်တော် ဒီလိုပဲ ပြောခဲ့ပါတယ်။ အဲဒီတုန်းက ကျွန်တော်ပြောခဲ့တာကို မန်စီးတီးရော၊ ပရီးမီးယားလိဂ်ကပါ သဘောမကျခဲ့ကြပါဘူး" လို့ ပြောပါတယ်။
ကမ္ဘာ့လုံးဆိုင်ရာဘောလုံးသမားများသမဂ္ဂ(FIFPRO)နဲ့ The Cleveland Clinic တို့ လန်ဒန်မှာ ပူးတွဲကျင်းပတဲ့ Peak Performance & Health Summit ဆွေးနွေးပွဲအတွင်း သတင်းထောက်တွေနဲ့တွေ့ဆုံချိန် ဒီအမှုနဲ့ပတ်သက်လို့ အင်္ဂလိပ်ဘောလုံးလောကထက် ကျော်လွန်တဲ့ အကျိုးသက်ရောက်မှုတွေ ရှိနေတယ်လို့ တီဘတ်စ်က ပြောကြားခဲ့ပါတယ်။
သူက "အခုတော့ ၂၀၀၉ ခုနှစ်ကတည်းက စည်းမျဉ်းတွေကို စဉ်ဆက်မပြတ် ချိုးဖောက်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား ပေါ်ပေါက်လာခဲ့ပါပြီ" လို့ ဆိုပါတယ်။
"ကျွန်တော်တို့က ပြိုင်ပွဲအားလုံးမှာ ဘောလုံးလောကကို ရေရှည်တည်တံ့ပြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ဖို့ ကြိုးစားနေတာပါ။ ကလပ်အသင်းအများအပြားပြောနေကြသလိုပဲ တခြားအသင်းတွေထံ မဆုံးရှုံးသင့်ဘဲ ဆုံးရှုံးခဲ့ရတဲ့ ချန်ပီယံဆုတွေ ရှိခဲ့ပါတယ်။ အခုဖြစ်ပျက်ခဲ့တဲ့အရာက အလွန်အရေးကြီးသလို ဒါက ပရီးမီးယားလိဂ်တစ်ခုတည်းအတွက် မဟုတ်ဘဲ အလှည့်အပြောင်းတစ်ခုဖြစ်လာဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်"
"မန်ချက်စတာစီးတီးအမှုက အထူးသဖြင့် ငွေကြေးဆိုင်ရာမသမာမှု (financial doping) နဲ့ ပတ်သက်ပြီး ဥရောပတစ်ဝန်းလုံးကို ရိုက်ခတ်မှုတွေ ရှိနေပါတယ်။ စံနမူနာပြ ဖြစ်စေမယ့် ပြစ်ဒဏ်မျိုး ချမှတ်သင့်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့ အချိန်ကာလကြာမြင့်မှုအရ ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး လိုအပ်တယ်လို့လည်း တီဘတ်စ်က ပြောပါတယ်။
" ဆယ်စုနှစ်တစ်ခုကျော် စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တယ်ဆိုတာ... အလွန် ဆိုးရွားပါတယ်။ ဒါကြောင့် ပြစ်ဒဏ်က စံနမူနာပြဖြစ်စေဖို့အတွက်တင်မကဘဲ စည်းမျဉ်းတွေကို အမှန်တကယ်ချိုးဖောက်ခဲ့လို့ ပြင်းထန်သင့်ပါတယ်" လို့ သူက ဆိုပါတယ်။
ဗြိတိန်မီဒီယာတွေရဲ့ဖော်ပြချက်အရ ပရီးမီးယားလိဂ်ကလပ်အသင်းတွေက ဒီအမှုနဲ့စပ်လျဉ်းပြီး နစ်နာကြေးရရှိဖို့အတွက် ဥပဒေရေးရာအကြံဉာဏ်တွေ ရယူနေကြတယ်လို့ သိရပါတယ်။
အခြားဥရောပလိဂ်တွေရဲ့အသင်းတွေလည်း အလားတူလုပ်ဆောင်လာနိုင်မလားလို့ တီဘတ်စ်ကို မေးမြန်းခဲ့ရာမှာတော့ "သူတို့လည်း လုပ်ဆောင်နိုင်ပါတယ်၊ ဒါပေမဲ့ မန်စီးတီးကြောင့် သီးသန့်တော့ မဟုတ်နိုင်ပါဘူး" လို့ လာလီဂါဥက္ကဋ္ဌက ဖြေကြားခဲ့ပါတယ်။
၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြား စပွန်ဆာဝင်ငွေတွေ ချဲ့ကားဖော်ပြခဲ့မှု တွေ့ရှိပြီးနောက် ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က မန်စီးတီးကို ၂၀၂၀ ပြည့်နှစ်မှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ နှစ်နှစ်ကြာ ထုတ်ပယ်ခဲ့ဖူးပါတယ်။
ဒါပေမဲ့ မန်စီးတီးက အားကစားဆိုင်ရာခုံသမာဓိတရားရုံး(CAS) ဆီ အယူခံဝင်ခဲ့ရာ အောင်မြင်ခဲ့ပြီးနောက် ဒီပိတ်ပင်မှုကို ကျော်လွှားနိုင်ခဲ့ပါတယ်။
တီဘတ်စ်က "ကျွန်တော့်အမြင်အရတော့ အားကစားဆိုင်ရာခုံသမာဓိတရားရုံးရဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်သုံးသပ်သင့်ပါတယ်။ UEFA ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးခဲ့တဲ့ အဲဒီတရားရုံးရဲ့ဆုံးဖြတ်ချက်က အလွန်မေးခွန်းထုတ်စရာ ဖြစ်ခဲ့ပါတယ်။ အခုတော့ မန်စီးတီးအပေါ် ပြစ်ဒဏ်ချမှတ်ခဲ့တဲ့ UEFA ရဲ့ဆုံးဖြတ်ချက် မှန်ကန်ခဲ့တယ်ဆိုတာ ပေါ်ပေါက်လာခဲ့ပါပြီ" လို့ ပြောပါတယ်။
အင်္ဂလန်ပရော်ဖက်ရှင်နယ်ဘောလုံးသမားများအစည်းအရုံး(PFA)ရဲ့ အမှုဆောင်အရာရှိချုပ်မာဟီတာမိုလန်ဂိုကတော့ အမှုကာလကြာမြင့်လွန်းနေမှုကြောင့် ဘောလုံးလောကရဲ့ စည်းမျဉ်းထိန်းသိမ်းရေးစနစ်အပေါ် ယုံကြည်မှု ထိခိုက်စေခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
မိုလန်ဂိုက "ကျွန်တော်တို့ စိုးရိမ်တာက ပိုမိုကျယ်ပြန့်တဲ့ ဘောလုံးဂေဟစနစ်အပေါ် သက်ရောက်မှု၊ စည်းမျဉ်းတွေအပေါ် ယုံကြည်မှုနဲ့ အဖွဲ့အစည်းတွေအပေါ် ယုံကြည်မှုတွေ ထိခိုက်သွားစေမယ့် အရေးကိစ္စပါပဲ"
"သင်ခန်းစာတစ်ခုခုယူရမယ်ဆိုရင်တော့ ကျွန်တော်တို့ဆီမှာ စည်းမျဉ်းတွေ ရှိရမယ်၊ အဲဒီစည်းမျဉ်းတွေကို လိုက်နာရမယ်၊ ပြီးတော့ နောက်ဆက်တွဲ အကျိုးဆက်တွေ ရှိရပါမယ်။ ဒါပေမဲ့ အဲဒီအကျိုးဆက်က ချက်ချင်း လက်ငင်း ဖြစ်ဖို့ လိုပါတယ်" လို့ သုံးသပ်ပါတယ်။
ကစားသမားတွေအတွက်လည်း မရေမရာအခြေအနေတွေကြားမှာ ပိတ်မိနေရမယ့်အချက်အပေါ် မိုလန်ဂိုက စိတ်မကောင်းစွာ ထောက်ပြခဲ့ပါတယ်။
မိုလန်ဂိုက "မန်စီးတီးအမှုဆိုတာ ပြန်လည်သုံးသပ်နေဆဲ အမှုတစ်ခု ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးက မနေ့ ဒါမှမဟုတ် မနေ့တစ်နေ့ကတည်းက ဒီအမှု ပြီးပြတ်သွားဖို့ မျှော်လင့်ခဲ့ကြပေမဲ့ လက်တွေ့မှာတော့ အဲဒီလို မဖြစ်ခဲ့ပါဘူး။ ဒီဇာတ်လမ်းတွေအားလုံးရဲ့နောက်ကွယ်မှာ လူသားတွေ ရှိနေပြီး သူတို့ရဲ့ကစားသမားဘဝတွေမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ကြိုးစားနေကြသူတွေ ဖြစ်ပါတယ်။"
"ဒီလောကထဲမှာရှိသူတိုင်းအတွက် ကျွန်တော်တို့ရဲ့တာဝန်က သေချာရေရာမှုရှိစေဖို့ ဖြစ်ပြီး ဒီသေချာရေရာမှုက ဘယ်လိုအဓိပ္ပါယ်ဆောင်ပါစေ၊ သေချာရေရာမှုတစ်ခု ပေးစွမ်းနိုင်ဖို့ပါပဲ။ ဒါက စည်းမျဉ်းတွေ ဘယ်လိုပြဋ္ဌာန်းထားသလဲဆိုတာ သိရှိဖို့နဲ့ ဒီစည်းမျဉ်းတွေကို ကျွန်တော်တို့ အမှန်တကယ်လိုက်နာစောင့်ထိန်းဖို့ သေချာစေရေးဆိုင်ရာ ကိစ္စတစ်ခု ဖြစ်ပါတယ်" လို့ ဆိုပါတယ်။