မန်စီးတီးရဲ့အနိုင်ကျင့်မှုအဖြစ် ကစားသမားတွေ ခံစားနေရလိမ့်မယ်လို့ ကာရေဂါ ပြောကြား
မန်စီးတီးအသင်း အယူခံဝင်ဖို့ ပြင်ဆင်နေချိန် သူတို့အပေါ် စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ ကာရေဂါက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
မန်စီးတီးရဲ့ဘဏ္ဍာရေးလုပ်ဆောင်ချက်တွေအပေါ် လေးနှစ်ကြာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးနောက် မန်ချက်စတာအခြေစိုက်ကလပ်အသင်းကို ပရီးမီးယားလိဂ်က အခုသီတင်းပတ်အတွင်း တရားဝင်စွဲချက်တင်ခဲ့ပါတယ်။
ဒီစွပ်စွဲချက်တွေက မန်စီးတီးတို့ ပရီးမီးယားလိဂ်ချန်ပီယံဆုသုံးကြိမ်ရရှိမှုအပါအဝင် ဆုဖလားမျိုးစုံ ဆွတ်ခူးခဲ့တဲ့ ၂၀၀၉-၂၀၁၀ ဘောလုံးရာသီမှ ၂၀၁၇-၂၀၁၈ ဘောလုံးရာသီအကြား ကာလကို လွှမ်းခြုံထားပါတယ်။
ကလပ်အသင်းဘက်ကတော့ စည်းမျဉ်းချိုးဖောက်မှုတွေကို ဆက်လက်ငြင်းဆိုထားပြီး ဒီအမှုစွဲချက်တွေကြောင့် သူတို့ရဲ့ပရီးမီးယားလိဂ်ချန်ပီယံဆုတွေ ရုပ်သိမ်းခံရတာနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှ ထုတ်ပယ်ခံရတာတွေ ဖြစ်လာနိုင်ပါတယ်။ မန်စီးတီးအတွက် အယူခံဝင်ခွင့်ကိုတော့ အောက်တိုဘာ ၂ ရက်အထိ ခွင့်ပြုပေးထားပါတယ်။
စစ်ဆေးခဲ့တဲ့ကာလအတွင်း ဘဏ္ဍာရေးဆိုင်ရာမသမာမှုတန်ဖိုး ပေါင်သန်း ၉၀၀ ကျော်အထိ ရှိခဲ့တယ်ဆိုတာကို စစ်ဆေးတွေ့ရှိချက်တွေအရ သိရပြီး ကလပ်အသင်းအတွက် ပြင်းထန်တဲ့ပြစ်ဒဏ်ပေးမှုနဲ့ ရင်ဆိုင်ရမယ့် အလားအလာတွေ ရှိနေပါတယ်။
ဒီအခြေအနေနဲ့ပတ်သက်လို့ ကာရေဂါက ဂုဏ်သရေထိခိုက်ညှိုးနွမ်းသွားပြီဖြစ်တဲ့ မန်စီးတီးအသင်းပိုင်ရှင်တွေ အင်္ဂလန်ဘောလုံးလောကမှာဆက်လက်ရပ်တည်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သုံးသပ်ခဲ့ပါတယ်။
ကာရေဂါက "ဒီကာလအတွင်း မန်စီးတီးဆွတ်ခူးခဲ့တဲ့ ချန်ပီယံဆုတွေ ဒါမှမဟုတ် ဆုဖလားတွေကို သူတို့ရဲ့စာရင်းမှ ရုပ်သိမ်းသင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ တခြားကလပ်တွေဆီ အဲဒါတွေကို လွှဲပြောင်းပေးသင့်သလားဆိုတာကတော့ နောက်ထပ်ကိစ္စတစ်ခုပါ။ ဒါပေမဲ့ မန်စီးတီးလုပ်ခဲ့တဲ့အရာက သူတို့ရဲ့ဖလားတွေနဲ့ ဆုတံဆိပ်တွေကို အခု ဘယ်သူကမှ အရင်လိုအကြည့်မျိုးနဲ့ မကြည့်တော့လို့ သူတို့အသင်းကစားသမားတွေကိုပါ နစ်နာစေခဲ့တာပဲ ဖြစ်ပါတယ်"
"အခြားကစားသမားတွေအတွက်လည်း အဲ့ဒီကာလခံစားချက်မျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ပါဘူး။ ဒီလိုခံစားချက်တွေကို မန်စီးတီး လုယူသွားခဲ့တာပါ။ အဲ့ဒါ ကစားသမားတွေ မရရှိခဲ့တဲ့ အရာပါပဲ။ အခုအချိန် ကစားသမားတစ်ဦးဆီ ဆုတံဆိပ်တစ်ခု သွားပေးမယ်ဆိုရင်တောင် သူက အဲဒါကို အိမ်မှာရှိတဲ့ ဆုဖလားပြခန်းထဲမှာ ထည့်ထားပြီး ဘယ်တော့မှ ပြန်ကြည့်တော့မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုအရာတွေကို ဘယ်ကစားသမားကမှ ဂရုစိုက်လိမ့်မယ်လို့ မထင်ပါဘူး။ ဒါက ဆုတံဆိပ်တွေနဲ့ မသက်ဆိုင်ပါဘူး။ ခံစားချက်တွေနဲ့သာ သက်ဆိုင်ပြီး အဲ့ဒါကို မန်စီးတီး လုယူသွားခဲ့တာပါ"
"ဒီနေရာမှာ ပရိသတ်တွေ၊ ကစားသမားတွေ၊ ကလပ်အသင်းနဲ့ ပိုင်ရှင်တွေ ရှိပါတယ်။ ကျွန်တော့်အတွက်တော့ ဒါက ပိုင်ရှင်တွေ၊ ကလပ်အသင်းရဲ့ထိပ်ပိုင်းမှာ ရှိနေသူတွေနဲ့သာ အပြည့်အဝသက်ဆိုင်တဲ့ကိစ္စ ဖြစ်ပါတယ်။"
"မန်စီးတီးက နှစ်ပေါင်းတစ်ရာလုံးလုံး အံ့ဩဖွယ်ကောင်းတဲ့ ကလပ်အသင်းတစ်ခု ဖြစ်ခဲ့သလို ရှေ့ဆက်ပြီးတော့လည်း နှစ်ပေါင်းရာနဲ့ချီ ဆက်လက်ရှိနေဦးမယ့် ကလပ်အသင်းတစ်ခုပါ။ ဒါပေမဲ့ အခု ကျွန်တော်တို့တွေ့ရှိနေရတဲ့ အချက်အလက်တွေအရတော့ မန်စီးတီးပိုင်ရှင်တွေ အင်္ဂလိပ်ဘောလုံးလောကမှာ ဘယ်လိုဆက်လက်ရပ်တည်သွားနိုင်မလဲဆိုတာ ကျွန်တော် မသိတော့ပါဘူး" လို့ ပြောပါတယ်။
အငြင်းပွားဖွယ်အခြေအနေတွေ ဆက်လက်ဖြစ်ပေါ်နေချိန် ကလပ်အသင်းရဲ့အမှုဆောင်တွေက သီးခြားလွတ်လပ်တဲ့ကော်မရှင်ရဲ့စီရင်ချက်အပေါ် တရားဝင်အယူခံဝင်ဖို့ စီစဉ်နေကြပါတယ်။