မိသားစုနဲ့ သူ့အတွက် ခက်ခဲတဲ့နွေရာသီကာလတစ်ခုအကြောင်း ဖွင့်ဟလာတဲ့ ဂတ်ပို
လီဗာပူးတိုက်စစ်ကစားသမားဂတ်ပိုဟာ ပရီးမီးယားလိဂ်ပြိုင်ဘက်မန်စီးတီးဆီ ဘာကြောင့်မပြောင်းရွှေ့ဖြစ်တာလဲဆိုတာကို ပြောပြလာပါတယ်။
၂၀၂၆ နွေရာသီအပြောင်းအရွှေ့နောက်ဆုံးပိတ်ကာလမှာ မန်စီးတီးက ဂတ်ပိုအတွက် ပေါင်သန်း ၈၀ ဖြင့် ကမ်းလှမ်းခဲ့ပြီး မိုဆာလက်ထွက်ခွာသွားပြီးနောက် တိုက်စစ်ပိုင်းပြန်လည်ပြင်ဆင်ချင်နေတဲ့ နည်းပြအီရာအိုလာလည်း ဂတ်ပိုကိုရောင်းထုတ်ဖို့ အစောပိုင်းမှာ ခွင့်ပြုပေးခဲ့ပါတယ်။လီဗာပူးက မင်တက်ချ်နဲ့ အစ္စမေလာဆားတို့ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမဲ့ ဗစ်တာမူနော့ဇ်နဲ့ ဘာကိုလာတို့ကိုသာ ခေါ်ယူနိုင်ခဲ့ပြီး ဂတ်ပိုရဲ့ မန်စီးတီးဆီပြောင်းရွှေ့မယ့် အစီအစဉ်လည်း ပျက်ပြယ်သွားကာ အသင်းမှာပဲ ဆက်ရှိနေခဲ့ပါတယ်။
မန်စီးတီးနဲ့အပြောင်းအရွှေ့သတင်းမထွက်ခင် တစ်လအလိုမှာ ဂတ်ပိုနဲ့ သူ့ရဲ့လက်တွဲဖော်နိုအာဗန်ဒါဘိုင်တို့က သူတို့ရဲ့မမွေးလာသေးတဲ့ ရင်သွေးလေးကို ကိုယ်ဝန်ဆောင်ထားချိန်မှာပဲ ဆုံးရှုံးလိုက်ရတယ်ဆိုတဲ့ ဝမ်းနည်းစရာသတင်းကို ထုတ်ပြန်ခဲ့ပါတယ်။
The Telegraph နဲ့ အင်တာဗျူးမှာတော့ ဂတ်ပိုက အဲဒီနွေရာသီကို သူ့အတွက်သာမက သူ့မိသားစုအတွက်ပါ အလွန်ခက်ခဲတဲ့ အချိန်ကာလတစ်ခုလို့ ဖွင့်ဟခဲ့ပါတယ်။
"အဲဒီအကြောင်းကို အသေးစိတ်ပြောချင်လားတော့ ကျွန်တော်မသိဘူး၊ ဒါပေမဲ့ ပြောနေလည်း အပိုပါပဲ။ အဲဒီနွေရာသီက ကျွန်တော့်အတွက်ရော၊ မိသားစုအတွက်ရော၊ ဘောလုံးလောကနဲ့ ဘဝအကြောင်းအရာ အားလုံးအတွက်ပါ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်ကတော့ ဖြစ်သမျှအကြောင်း အကောင်းပဲဆိုပြီး လက်လွှတ်ထားလိုက်ပါတယ်"
"တကယ်ကို ရှည်လျားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။ နွေရာသီက ကဏ္ဍစုံမှာ တကယ်ကို ခက်ခဲခဲ့ပါတယ်။ ဖြစ်သမျှကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဘယ်လိုဖြစ်လာမလဲဆိုတာပဲ ကြည့်နေခဲ့တာ၊ အခုတော့ ဒီလိုပဲ ဖြစ်သွားခဲ့ပြီ။ အခုတော့ လက်ရှိအခြေအနေအတိုင်းပါပဲ။ ကျွန်တော့်မိသားစု၊ သူငယ်ချင်းတွေနဲ့အတူ ဘဝကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းချင်ပါတယ်။ ဒီကလပ်အသင်းက အသင်းဖော်တွေနဲ့အတူ ဘောလုံးကစားရတာကိုလည်း ပျော်ရွှင်ချင်ပါတယ်"
"လီဗာပူးလို ကလပ်အသင်းကြီးမှာ ကစားမယ်ဆိုရင် ခြေစွမ်းပြနိုင်ဖို့ လိုပါတယ်။ တခြားသူတွေ ဒါမှမဟုတ် တခြားကစားသမားတွေအကြောင်း မပြောချင်ပေမဲ့ ကျွန်တော့်ကိုယ်တိုင်လည်း မနှစ်ကထက် ပိုကောင်းအောင် လုပ်နိုင်ခဲ့သင့်တယ်ဆိုတာ သိပါတယ်။ ဝေဖန်မှုတွေ မတရားဘူးလားဆိုတာတော့ ကျွန်တော်မသိဘူး။ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ တစ်ဖက်ကကြည့်ရင်တော့ နားလည်ပေးလို့ရပါတယ်။ လီဗာပူးမှာဆိုရင် အနိုင်ရရမယ်၊ ခြေစွမ်းပြရမယ်၊ ပြီးတော့ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းတွေထဲက တစ်ခုဖြစ်တယ်ဆိုတာကို သက်သေပြရပါမယ်။ ကျွန်တော် အပါအဝင် အသင်းသားအားလုံး မနှစ်က ဒါကို မလုပ်နိုင်ခဲ့ကြပါဘူး။ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့" လို့ ဂတ်ပိုက ဆိုပါတယ်။
ဒီဒတ်ချ်ကစားသမားက စိတ်ဖိစီးမှုများပြားလှတဲ့ နွေရာသီကို ဖြတ်သန်းပြီးနောက် အသင်းမှာ နေရာတစ်ခု ရရှိလာအောင် အစွမ်းကုန်ကြိုးစားခဲ့ပြီး အခုဘောလုံးရာသီ၊ လီဗာပူးအတွက် သုံးဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်ထားပါတယ်။ နိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးက မန်စီးတီးနဲ့ရင်ဆိုင်ရဖို့ရှိနေလို့ အဲ့ဒီပွဲစဉ်မှာ ဂတ်ပိုကိုယ်တိုင် သူ့ရဲ့ခြေစွမ်းကို ထပ်မံသက်သေပြဖို့ ကြိုးစားသွားရပါလိမ့်မယ်။