လိဒ်ကို ဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ရလဒ်အပေါ် လက်ခံရခက်ခဲတယ်လို့ နယူးကာဆယ်နည်းပြဂျေဆဲလ် ဝန်ခံပြောကြား
နယူးကာဆယ်နည်းပြဂျေဆဲလ်က လိဒ်ကို ၄-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့တဲ့ တနင်္လာနေ့ပရီးမီးယားလိဂ်ပွဲစဉ်အပြီး သူ့အသင်းရဲ့စွမ်းဆောင်ရည်အပေါ် အားရကျေနပ်မှု လုံး၀မရှိခဲ့ပါဘူး။
အခုနွေရာသီအပြောင်းအရွှေ့ကာလအတွင်း အခက်အခဲတွေ ကြုံတွေ့ခဲ့ရခဲ့ပေမဲ့ ဂျေဆဲလ်အသင်းက အီလန်ရုဒ်ကွင်းပွဲစဉ်မတိုင်ခင်အထိ ရှုံးပွဲမရှိရာသီသစ်စတင်မှုစံချိန်ကို ထိန်းသိမ်းထားနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ မိုင်လေရဲ့ O.G အပြင် ဘိုဂလီ၊ ကဲလ်ဗတ်လီဝင်၊ အိုကာဖော်တို့ရဲ့သွင်းဂိုးတွေက အနောက်ယော့ခ်ရှိုင်းယားကလပ်အသင်းအတွက် သက်သောင့်သက်သာနိုင်ပွဲတစ်ခု ဖြစ်ပေါ်စေခဲ့ပြီး နယူးကာဆယ်ကို နောက်ကောက်ချနိုင်ခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့တွေ့ဆုံချိန် အသက် ၃၈ နှစ်အရွယ်နည်းပြက အခုရှုံးနိမ့်မှုကို လက်ခံရခက်ခဲလွန်းတယ်လို့ ဝန်ခံခဲ့သလို ဒီရှုံးနိမ့်မှုမှတဆင့် သင်ခန်းစာယူသွားကြဖို့ သူ့ရဲ့ကစားသမားတွေဆီ တိုက်တွန်းခဲ့ပါတယ်။
"ဒါ ဘောလုံးပါပဲ၊ ပရီးမီးယားလိဂ်ဆိုတာ ဒါပါပဲ။ အစကတည်းက ရှင်းလင်းနေပြီးသားဖြစ်သလို လမ်းခရီးတစ်လျှောက်မှာ အတက်အကျတွေ၊ စိန်ခေါ်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော် အကြိမ်ကြိမ် ပြောခဲ့ဖူးပါတယ်။ ဒီညမှာတော့ ကျွန်တော်တို့ စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်" လို့ ဂျေဆဲလ်က ပြောပါတယ်။
" ခက်ခဲပါတယ်၊ တကယ်ကို ခက်ခဲလွန်းပြီး လက်ခံပေးဖို့အတွက် အဆင်မပြေပါဘူး။ ဒါက ချက်ချင်း သင်ခန်းစာယူနိုင်မယ့် အခွင့်အရေးဖြစ်ပြီး နောက်ပွဲစဉ်အတွက် အချိန်သိပ်မကျန်တော့တာလည်း ကောင်းတဲ့အချက်ပါပဲ"
"လူငယ်ကစားသမားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းဆိုတော့ အတက်အကျတွေ ရှိနေပါလိမ့်မယ်။ အထူးသဖြင့် လိဒ်လိုမျိုး အိမ်ကွင်းကစားအား အရမ်းကောင်းပြီး ပထမပိုင်းမှာဆိုရင် သူတို့ရဲ့ကိုယ်ကာယကြံ့ခိုင်မှုအားပြုတဲ့ကစားဟန်ကို ကျွန်တော်တို့ မယှဉ်ပြိုင်နိုင်ခဲ့ပါဘူး"
"ဆင်ခြေတွေ မပေးချင်ပါဘူး၊ ကျွန်တော်တို့ သင်ခန်းစာယူပြီး ပိုကောင်းအောင် လုပ်ဆောင်ရပါမယ်။ အခြေခံကျတဲ့အရာတွေကို ကျွန်တော်တို့ လွဲချော်ခဲ့ကြပါတယ်" လို့ ဆိုပါတယ်။