The network connection is lost.

Banner Image

ဂိုးမြူးနေတဲ့ ချဲလ်ဆီးကို ဘယ်လိုတားဆီးသွားမလဲဆိုတာ နောက်ပြောင်ပြောဆိုလိုက်တဲ့ ဟားလ်စီးတီးနည်းပြဂျာကီရိုဗစ်

ဟားလ်စီးတီးနည်းပြဂျာကီရိုဗစ်က လာမယ့်စနေနေ့၊ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အလွန်ဆိုရဲ့ ဂိုးမြူးနေတဲ့ချဲလ်ဆီးအသင်းနဲ့ရင်ဆိုင်ရချိန် ပြိုင်ဘက်ကို တားဆီးသွားရမယ့် အကြံအစည်နဲ့ပတ်သက်လို့ နောက်ပြောင်ပြောဆိုခဲ့ပါတယ်။
 
ခြေစွမ်းပြနေတဲ့ဟားလ်စီးတီးက စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းဆီ မသွားရောက်ခင် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ပေးဂိုးမရှိသေးတဲ့ တစ်ခုတည်းသောအသင်းအဖြစ် ရပ်တည်နေပြီး ချဲလ်ဆီးကလည်း ရှစ်ဂိုးအထိ သွင်းယူကာ အကောင်းဆုံးတိုက်စစ်စွမ်းဆောင်ရည်မှတ်တမ်းကို ပူးတွဲပိုင်ဆိုင်ထားပါတယ်။
 
အလွန်ဆိုရဲ့အသင်းက လိဒ်နဲ့ရင်ဆိုင်ရတဲ့ ကြားရက်ကာရာဘောင်းဖလားပွဲစဉ်မှာ နှစ်ဂိုးပြတ်ရှုံးနိမ့်နေရာမှ ၆-၃ ဂိုးဆိုတဲ့ရလဒ်ဖြင့် ပြန်လည်အနိုင်ယူပြီး တိုက်စစ်ပိုင်းမှာ အချိတ်အဆက်မိနေတဲ့ မော်ဂန်ရိုဂျာစ်နဲ့ ကိုးလ်ပယ်လ်မာတို့ရဲ့ထူးခြားပြောင်မြောက်လှတဲ့ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။
 
ချဲလ်ဆီးတိုက်စစ်မှူးသုံးဦးဖြစ်ကြတဲ့ ရိုဂျာစ်၊ ပယ်လ်မာနဲ့ ဂျော်အိုပက်ဒရိုတို့က သုံးဦးပေါင်းဂိုးပါဝင်ပတ်သက်မှု ၁၀ ကြိမ်အထိ ပြုလုပ်ထားလို့ ဟားလ်စီးတီးနည်းပြဂျာကီရိုဗစ်အတွက်တော့ သူတို့ကိုတားဆီးဖို့ အစီအစဉ်တစ်ခု ရှိနေနိုင်ပါတယ်။
 
ပွဲနေ့မတိုင်ခင် သတင်းထောက်တွေရဲ့မေးမြန်းမှုကို ဂျာကီရိုဗစ်က "သူတို့ကို ဝိုင်းပြီး လူချကစားရမလား? မဟုတ်ပါဘူး။ တစ်ဦးချင်းလူကပ်ကစားမယ်ဆိုရင်လည်း အခွင့်အရေးတောင် မရှိလာနိုင်ပါဘူး" လို့ နောက်ပြောင်ပြောကြားခဲ့ပါတယ်။
 
"ဒါကြောင့် တကယ်ရိုးရှင်းပါတယ်။ ဒီကစားသမားတွေမှာ ပြိုင်ဘက်ကစားသမားနှစ်ဦးသုံးဦးလောက်ကို အလွယ်တကူကျော်ဖြတ်နိုင်စွမ်းရှိလို့ အသင်းလိုက်စုစုစည်းစည်းနဲ့ ခံစစ်ကို အတူတကွကစားဖို့ပဲ လိုအပ်ပါတယ်။ ဘာတွေဖြစ်လာမလဲဆိုတာ စောင့်ကြည့်ကြတာပေါ့"
 
"ဒါပေမဲ့ သူတို့က အလွန်အရည်အသွေးမြင့်မားတာမို့ ကျွန်တော်တို့အတွက် အလွန်ပင်ပန်းမယ့် ပွဲစဉ်တစ်ခု ဖြစ်လာပါလိမ့်မယ်။ ခက်ခဲပါလိမ့်မယ်၊ ဒါပေမဲ့ စောင့်ကြည့်ကြတာပေါ့။ ကျွန်တော် ပြောခဲ့သလိုပါပဲ၊ ဒါက ကျွန်တော်တို့အတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ ကောင်းကောင်းကစားနိုင်ဖို့ ကြိုးစားသွားရပါလိမ့်မယ်" လို့ ဆိုပါတယ်။