အပြောင်းအရွှေ့ရှုပ်ထွေးမှုနဲ့ပတ်သက်ပြီး အဲဗာတန်အသင်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းခဲ့တယ်လို့ ဖီးလ်ဂျာဂီရယ်လ်ကာ ဝေဖန်
နွေရာသီအပြောင်းအရွှေ့စျေးကွက်နောက်ဆုံးအချိန်မှာ ပစ်မှတ်ကစားသမားအများအပြားနဲ့ လွဲချော်ခဲ့ပြီးနောက် နည်းပြဒေးဗစ်မိုယက်စ်နဲ့ အဲဗာတန်အသင်းက လာမယ့်ဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မတိုင်ခင် လက်ရှိအကျပ်အတည်းကို တောင့်ခံသွားဖို့ ရည်ရွယ်ထားပါတယ်။
အန်ဒီယာရီကို မန်စီးတီး၊ ဘီတိုကို ဖီအိုရင်တီနားဆီ ရောင်းချပြီးနောက် မိုယက်စ်က တိုက်စစ်ပိုင်းအားဖြည့်မှုတွေနဲ့ ညာနောက်ခံလူသစ်တစ်ဦး ခေါ်ယူဖို့ အပြင်းအထန်ကြိုးပမ်းခဲ့ပေမဲ့ လုံလောက်တဲ့အောင်မြင်မှုမျိုး မရရှိခဲ့ပါဘူး။
ဂျက်ဂရီးလစ်ရှ် အငှားဖြင့် ပြန်လည်ရောက်ရှိလာသလို မစ်လန်းနိုင်းစ်လည်း လိုင်ယွန်မှ ပြောင်းရွှေ့လာခဲ့ပေမဲ့ ဘာလိုဂန်ကို မာဆေးဆိုဒ်ဆီ ခေါ်ယူမယ့် အစီအစဉ်က နောက်ဆုံးအချိန်မှာပဲ အငြင်းပွားဖွယ် ပျက်ပြယ်သွားပါတယ်။
ဒီအခြေအနေက ပရိသတ်တွေရဲ့စိတ်ပျက်နေမှုကို ပိုမိုဆိုးရွားစေခဲ့ပြီး မိုယက်စ်ကိုယ်တိုင်လည်း အပြောင်းအရွှေ့တွေနဲ့ပတ်သက်လို့ သူနဲ့ အသင်းပိုင်ရှင်တွေအကြား ဆက်သွယ်မှုအပိုင်းမှာ အကန့်အသတ်တွေ ရှိခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
အပြောင်းအရွှေ့ကာလကုန်ဆုံးသွားပြီးနောက် အဲဗာတန်ကြယ်ပွင့်ဟောင်း ဖီးလ်ဂျာဂီရယ်လ်ကာက ဒီအပြောင်းအရွှေ့ဇာတ်လမ်းတစ်ခုလုံးကြောင့် ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ ကလပ်အသင်းအတွက် ထိခိုက်နစ်နာမှု ရှိခဲ့တယ်လို့ ပြောပါတယ်။
ဂျာဂီရယ်လ်ကာက "လက်ရှိအချိန်မှာတော့ စိတ်ပျက်စရာကိစ္စရပ်တွေ အများကြီး ရှိနေပါတယ်။ ကျွန်တော်ကတော့ အကောင်းမြင်ချင်ပေမဲ့ ဒါက စိတ်ပျက်စရာ ကောင်းပါတယ်။
ကလပ်အသင်းတစ်ခုအဖြစ် အပြောင်းအရွှေ့တွေ လုပ်ဆောင်ဖို့ လိုအပ်တယ်ဆိုတာ သိထားပြီး ဒါကို အပြောင်းအရွှေ့နောက်ဆုံးရက်မတိုင်ခင် စောစောစီးစီး လုပ်ဆောင်စေချင်ခဲ့ပါတယ်။
သူတို့က ညာနောက်ခံလူနေရာအတွက် ပထမဦးစားပေးကစားသမားတစ်ဦးဖြစ်တဲ့ ကန်နီတီတီကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဖူလ်ဟမ်က အစားထိုးကစားသမားတစ်ဦး မရမချင်း ကစားသမားကို လက်လွှတ်မခံလိုက်ပါဘူး။
ကျွန်တော့်အမြင်အရ ညာနောက်ခံလူနေရာမှာ ပြဿနာကြီးကြီးမားမားရှိတယ်လို့ မထင်မိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီနေရာမှာ ကောင်းကောင်းကစားပေးနိုင်တဲ့သူ လေးဦးလောက် ရှိနေလို့ပါပဲ။ ဘယ်နောက်ခံလူနေရာမှာတော့ ကျွန်တော်တို့အတွက် မိုင်ကိုလန်ကို တစ်ဦးတည်းသာရှိလို့ ပြဿနာ ပိုကြီးမားပါလိမ့်မယ်။
ဒါကြောင့် အဲဗာတန်က ရှိရင်းစွဲလူစာရင်းကိုပဲ အာရုံစိုက်လွန်းခဲ့ပြီး စိတ်ကူးစိတ်သန်းတွေကို အကောင်အထည်ဖော်ရာမှာ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလို ဖြစ်ခဲ့ပါတယ်" လို့ ဆိုပါတယ်။