နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ အနားယူပြီလို့ မက်ဆီ တရားဝင်ကြေညာ
လီယွန်နယ်မက်ဆီက ဇူလိုင်လကမ္ဘာ့ဖလားဗိုလ်လုပွဲရှုံးနိမ့်မှုအပြီး သူ့ရဲ့အာဂျင်တီးနားလက်ရွေးစင်ကစားသမားဘ၀ကို အဆုံးသတ်ကာ နိုင်ငံတကာဘောလုံးလောကမှ အနားယူသွားပါတယ်။
သမိုင်းတစ်လျှောက်အကောင်းဆုံးကစားသမားတစ်ဦးလို့ ယူဆနိုင်တဲ့ မက်ဆီက မိခင်နိုင်ငံအတွက် ကမ္ဘာ့ဖလားချန်ပီယံဆုကို နှစ်ကြိမ်ဆက်ရယူပေးဖို့ မျှော်လင့်ခဲ့ပေမဲ့ အချိန်ပိုမှာ စပိန်အသင်းကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။
အာဂျင်တီးနားလက်ရွေးစင်အသင်းအတွက် ၂၀၇ ပွဲအထိ ပါဝင်ကစားပေးခဲ့တဲ့ အသက် ၃၉ နှစ်အရွယ်ကစားသမားက လက်ရွေးစင်အဆင့်ပွဲစဉ်အများဆုံးကစားပေးထားနိုင်သူစာရင်းရဲ့ ဒုတိယနေရာမှာ ရှိနေသလို ဆယ်စုနှစ်နှစ်ခုကျော်ကြာဖြတ်သန်းခဲ့တဲ့ ကစားသမားဘ၀သက်တမ်းတလျှောက် ၁၂၅ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။
မက်ဆီက“ဗိုလ်လုပွဲပြီးကတည်းက အချိန်တွေ အတော်ကြာကုန်လွန်ခဲ့ပြီး သေချာစဉ်းစားခဲ့ပြီးနောက်၊ ကျွန်တော် လက်ရွေးစင်အသင်းကနေ အနားယူတော့မယ်ဆိုတာကို လူတိုင်းဆီ အသိပေးချင်ပါတယ်...
ဒါက ရင်ထဲမှာ အလွန် နာကျင်ခဲ့ရသလို အခုထိလည်း နာကျင်နေရဆဲ ဆုံးဖြတ်ချက်တစ်ခု ဖြစ်ပေမဲ့ အသင့်တော်ဆုံး အချိန်ပဲဆိုတာ ကျွန်တော် နားလည်ပါတယ်။
ကျွန်တော်တို့ အရာရာကို အနိုင်ရခဲ့တဲ့ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာတင် မဟုတ်ဘဲ အဲဒီ မတိုင်ခင်ကတည်းက ကျွန်တော် အမြဲတမ်း အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်လို့ သစ္စာဆိုရဲပါတယ်။ ခင်ဗျားတို့ဆီ ပျော်ရွှင်မှုတွေ ယူဆောင်ပေးဖို့နဲ့ ဘောလုံးကတစ်ဆင့် အာဂျင်တီးနား နိုင်ငံသား ဖြစ်ရတာကို ဂုဏ်ယူစေဖို့အတွက် ဒီဂျာစီ အင်္ကျီအတွက် ကျွန်တော် အမြဲတမ်း တိုက်ပွဲဝင်ခဲ့ပြီး အစွမ်းကုန် ပေးဆပ်ခဲ့ပါတယ်။
အချိန်တွေ အများကြီး မကျန်တော့သလို၊ ကဏ္ဍ အသီးသီးဟာလည်း ပြီးဆုံးခြင်းဆီ ရောက်ရှိလာနေပါပြီ။ ဒါက ကျွန်တော့်ကို အလွန် နာကျင်စေတဲ့ အရာတစ်ခုပါ။ လက်ရွေးစင် အသင်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ခွင့်ရတာကို ကျွန်တော် ချစ်တယ်၊ ချစ်ခဲ့တယ်၊ နောင်လည်း အမြဲတမ်း ချစ်နေဦးမှာပါ။ ကျွန်တော့်မှာ ရှိသမျှ အရာအားလုံးကို ပေးဆပ်ခဲ့ပြီးပါပြီ၊ ထပ်ပြီး ပေးဆပ်စရာ ဘာမှ မကျန်တော့ပါဘူး။
ဒါ့အပြင် ဒီနေရာမှာ ပါဝင်ဖို့ ထိုက်တန်တဲ့ ထူးချွန်တဲ့ လူငယ် ကစားသမားတွေလည်း ထွက်ပေါ်လာနေပါပြီ။
ဒီ အနှစ် ၂၀ အတွင်း ချစ်ခြင်းမေတ္တာ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကွင်းထဲကနေ ခင်ဗျားတို့ရဲ့ အသံတွေကို ကြားရတာကို ကျွန်တော် လွမ်းနေတော့မှာပါ။ အခုတော့ ကျွန်တော်ဟာ ခင်ဗျားတို့ထဲက တစ်ယောက် ဖြစ်လာမှာဖြစ်ပြီး အကောင်းဆုံး အချိန်တွေမှာရော၊ အထူးသဖြင့် ဆိုးရွားတဲ့ အချိန်တွေမှာပါ အပြင်ကနေ အမြဲတမ်း အားပေးနေပါတော့မယ်။
ဒအမြဲတမ်း ကျွန်တော့်ဘေးမှာ ရှိနေပေးခဲ့ပြီး လှပသော်လည်း ခက်ခဲတဲ့ ဒီခရီးစဉ်တစ်လျှောက် အတူရှိပေးခဲ့တဲ့ ကျွန်တော့်ရဲ့ မိသားစုကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် အတူတကွ ဖြတ်သန်းခွင့် ရခဲ့တဲ့ နည်းပြတိုင်း၊ အသင်းဖော်တိုင်းနဲ့ တာဝန်ရှိသူတိုင်းကို ကျေးဇူးတင်ပါတယ်။ မမေ့နိုင်စရာ အမှတ်တရတွေနဲ့ အခိုက်အတန့်တွေကို ကျွန်တော်နဲ့အတူ ယူဆောင်သွားပါမယ်။
ကျွန်တော့်ရဲ့ အသင်းဖော်တွေနဲ့အတူ ကျွန်တော်တို့ တစ်ချိန်က အိမ်မက် မက်ခဲ့ဖူးတဲ့ အခိုက်အတန့်တွေကို ခင်ဗျားတို့ဆီ ပေးအပ်နိုင်ခဲ့တယ်ဆိုတာကို သိရှိရင်း အေးချမ်းမှု၊ ဂုဏ်ယူမှုတွေနဲ့အတူ ကျွန်တော် ထွက်ခွာသွားပါတယ်။ ခင်ဗျားတို့နဲ့အတူ ဒါတွေ အားလုံးကို အတူတကွ ဖြတ်သန်းခဲ့ရတာ တကယ့်ကို ရူးသွပ်စရာ ကောင်းခဲ့ပါတယ်။ ခင်ဗျားတို့ကို ချစ်ပါတယ်။
ကျွန်တော့်ကို အာဂျင်တီးနား နိုင်ငံသားတစ်ဦး ဖြစ်စေခဲ့တဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်။
“Vamos Argentina!
ဒီစာသားတွေကို ဗိုလ်လုပွဲ ပြီးပြီးချင်း နှစ်ရက်အကြာ ဇူလိုင်လ ၂၁ ရက်နေ့မှာ ကျွန်တော် ရေးသားခဲ့တာပါ။ ဒီနေ့မှာတော့ ကျွန်တော့်အဖေနဲ့ ပတ်သက်ပြီး ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပြီးမှာ ဒီဆုံးဖြတ်ချက်အပေါ် အရင်ကထက်တောင် ပိုပြီး ခိုင်မာစွာ ယုံကြည်မိပါတယ်”လို့ Instagram လူမှုကွန်ရက်မှတဆင့် ရေးသားဖော်ပြခဲ့ပါတယ်။