စတမ်းဖို့ဒ်ဘရစ်ကွင်းပထမဆုံးပွဲစဉ်အပြီး စိတ်လှုပ်ရှားနေခဲ့တဲ့ အလွန်ဆို
ချဲလ်ဆီးနည်းပြဘ၀၊ စတမ်းဖို့ဒ်ဘရစ်ကွင်းရဲ့နည်းပြခုံတန်းမှာ ပထမဆုံးပွဲစဉ်ကို ဖြတ်သန်းပြီးနောက် အလွန်ဆိုက တကယ်ကို စိတ်လှုပ်ရှားခဲ့ရတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ဒီစပိန်လူမျိုးနည်းပြရဲ့အသင်းက ဆိုစီဒက်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူပြီး ရာသီကြိုကာလတွေကို အားတက်စရာရလဒ်ပိုင်းနဲ့အတူ အဆုံးသတ်နိုင်ခဲ့ပါတယ်။
အနောက်လန်ဒန်ကလပ်ရဲ့အိမ်ကွင်းမှာ အသင်းကို ပထမဆုံးအကြိမ် ဦးဆောင်ရချိန် အလွန်ဆိုက ချဲလ်ဆီးပရိသတ်တွေရဲ့နွေးထွေးတဲ့ကြိုဆိုမှုကို ရရှိခဲ့ပါတယ်။
အပြောင်းအလဲတွေများပြားခဲ့တဲ့ နွေရာသီကာလအလွန် လေဗာကူဆင်နဲ့ ရီးရဲလ်မက်ဒရစ် နည်းပြဟောင်းက နိုင်ပွဲရရှိအောင် အငွေ့အသက်ကောင်းတွေ ဖန်တီးပေးခဲ့ကြတဲ့ ပရိသတ်တွေကို ချီးကျူးစကားဆိုခဲ့ပါတယ်။
"အိမ်ကွင်းမှာ ပထမဆုံးအကြိမ်ခံစားရတဲ့အရာက တကယ့်ကို စိတ်လှုပ်ရှားဖို့ ကောင်းပါတယ်။ အသင်း၊ နည်းပြအဖွဲ့သစ်နဲ့ ကျွန်တော့်ကိုပါ ပရိသတ်တွေက အကောင်းဆုံးကြိုဆိုခဲ့ကြလို့ တကယ်ပဲဝမ်းသာမိပါတယ်" လို့ အလွန်ဆိုက မီဒီယာတွေကို ပြောပါတယ်။
"ကျွန်တော်တို့က ပရိသတ်တွေနဲ့ရင်းနှီးတဲ့ ဆက်ဆံရေးမျိုး တည်ဆောက်ပြီး သူတို့ရဲ့ အားပေးမှုကို ရယူချင်ပါတယ်။ သူတို့ရဲ့အားအင်တွေ ရဖို့နဲ့ တစ်သားတည်း ဖြစ်နေဖို့ အတွက် ကျွန်တော်တို့ဘက်ကလည်း ကောင်းမွန်တဲ့ဘောလုံးကစားဟန်ကို ပြသသွားရပါမယ်။ ကွင်းထဲမှာ အခုလိုအငွေ့အသက်ကောင်းတွေ ရှိနေတယ်ဆိုတာ အသင်းအတွက် အလွန်ကြီးမားတဲ့တွန်းအား ဖြစ်စေပါတယ်" လို့ သူက ဆိုပါတယ်။